အောက်တိုဘာ ၁၅၊ ၂၀၁၈
M-Media
– တရုတ်နိုင်ငံက ထွက်ပြေးလာတဲ့ ၀ီဂါလူမျိုး ၁၁ ယောက်ဟာ နိုင်ငံအတွင်း ဘာအပြစ်မှ မကျူးလွန်တဲ့အတွက် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကနေ ထောင်ဖောက်ပြီးပြေးလာတဲ့ အဲဒီ ၀ီဂါ ၁၁ ယောက်ကို မလေးရှားက တရားမ၀င် ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးထားတာပါ။ တရုတ်က ဒီလူတွေကို ပြန်တောင်းပေမယ့် မလေးရှားက ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်ပေးကာ တူရကီကို ပို့ဆောင်ခဲ့ပါတယ်။
“ကျွန်တော်တို့တိုင်းပြည်မှာ သူတို့ ဘာပြစ်မှုမှ မကျူးလွန်ထားဘူးလေ။ ဒါ့ကြောင့် လွှတ်ပေးလိုက်တာပါ” လို့ ဒီကနေ့ လွှတ်တော်မှာ မဟာသီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရှင်ကျန်းပြည်နယ်မှာ နေထိုင်တဲ့ ၀ီဂါလူမျိုးတွေဟာ တူရကီစကားပြောပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။
တရုတ်ဟာ ၀ီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြစ်တင်ထားပြီး တရုတ်ကတော့ ခွဲထွက်ရေးဝါဒ၊ အစွန်းရောက်ဝါဒ မပြန့်ပွားအောင် ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်က လက်ခံထားတဲ့ တရုတ်စီမံကိန်း တော်တော်များများကို မဟာသီက ပယ်ဖျက်ခဲ့ပြီး၊ အခု ၀ီဂါပြဿနာကြောင့် နှစ်နိုင်ငံဆက်ဆံရေး အေးခဲဖွယ် ရှိနေပါတယ်။
တရုတ်ကတော့ မလေးရှားအနေနဲ့ ၀ီဂါတွေ တူရကီ ပို့လိုက်တာကို ကန့်ကွက်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref: CNA
Comments