အောက်တိုဘာ ၂၇၊ ၂၀၁၈
M-Media
– ရေငန်ဝင်တဲ့နေရာတွေမှာ စိုက်နိုင်မယ့် စပါးမျိုးကို တရုတ်သိပ္ပံပညာရှင်တွေက အောင်မြင်စွာ စမ်းသပ် စိုက်ပျိုးနိုင်ခဲ့ပြီး ဒီနည်းလမ်းကနေ နိုင်ငံတစ်ဝှမ်းက လူပေါင်း သန်း ၈၀ လောက်အတွက် စာနပ်ရိက္ခာ ဖူလှုံလာနိုင်မှာ ဖြစ်ပါတယ်။
စပါးမျိုးတွေကို မျိုးစပ်ကာ ရေငန်စပါးမျိုးကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ် ကျင်းဒေါင်မြို့မှာ လွန်ခဲ့တဲ့တစ်နှစ်က စတင် စမ်းသပ်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံက လူဦးရေများတာကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်လာရင် နိုင်ငံရပ်ခြားက အစားအစာ တင်ပို့တာကိုပဲ အားကိုးလို့ မရပါဘူး။ တင်ပို့ရတာလည်း မလွယ်ဘူးလေ။ သဘာဝဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်ဆီးရင် ပြည်သူတွေ ငတ်လာမယ်။ အဲဒီအခါ ဆူပူမှုတွေ၊ ကမ္ဘာကြီးအတွက် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ သုတေသနအဖွဲ့ Sea Rice R&D Centre ရဲ့ ဒုတိယဒါရိုက်တာ ဂူဒုန်ကျန်းက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ဆန်နဲ့ ဂျုံဟာ အဓိကအစားအစာဖြစ်ပြီး ဆန်ကို တရုတ်ပြည်သူ ၆၀ ရာခိုင်နှုန်းလောက်က စားသုံးကြပါတယ်။
ဂူဒုန်ကျန်းက ရေငန်ဝင်တဲ့ဒေသ စကွဲယားကီလိုမီတာ ၆၅၀၀၀ လောက်မှာ သူတို့ရဲ့ ဒီနည်းသစ်နဲ့ စပါး စိုက်ပျိုးနိုင်ကာ ခန့်မှန်းချေ ဆန်ကီလိုဂရမ် ဘီလီယံ ၃၀ လောက် ထုတ်လုပ်နိုင်မှာဖြစ်ပြီး လူ သန်း ၈၀ လောက်အတွက် စားနပ်ရိကာ လုံလောက်လိမ့်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုနှစ်အစောပိုင်းက Sea Rice R&D Centre ဟာ ဒူဘိုင်းက သဲကန္တာရမှာ ရေငန်ဆန်စပါးကို အောင်မြင်စွာ စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ပါတယ်။
Ref: RT
Comments