အောက်တိုဘာ ၂၉၊ ၂၀၁၈
M-Media
– အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ စနေနေ့က အကြမ်းဖက် တိုက်ခိုက်မှုအတွင်း
သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ဒဏ်ရာရသူတွေကို ထောက်ပံ့ဖို့အတွက် အမေရိကန်မွတ်စလင်တွေက ရန်ပုံငွေ ဒေါ်လာ ထောင်သောင်းချီ ထည့်ဝင်လှူဒါန်းနေကြပါတယ်။
Tree of Life ဆိုတဲ့ ဘုရားကျောင်းမှာ ဥပုသ်နေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဂျူးမုန်းတီးရေးသမား အသက် ၄၈ နှစ်အရွယ် လူဖြူအစွန်းရောက် ရောဘတ်ဘောင်ဝါဆိုသူက သေနတ်နဲ့ ၀တ်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မွတ်စလင်တွေအနေနဲ့ ကျန်ရစ်သူတွေကို ကူညီရေး အလှူငွေ ကောက်ခံမှုကို ပရဟိတသမား တာရစ် အလ်-မက်ဆီဒီက စတင်ခဲ့တာဖြစ်ပြီး LaunchGood လို့ အမည်ပေးထားပါတယ်။ အလ်-မက်ဆီဒီဟာ CelebrateMercy ပရဟိတအဖွဲ့ကို ထူထောင်ထားသူပါ။
မူလက ၁၀ ရက်အတွင်း အလှူငွေ ကန်ဒေါ်လာ ၂ သောင်းခွဲရဖို့ ရည်ရွယ်ခဲ့ပြီး ၆ နာရီအတွင်းမှာ ဒီ ပမာဏပြည့်ခဲ့ကာ အလှူငွေပစ်မှတ်ကို ဒေါ်လာ ၅ သောင်းအထိ တိုးခဲ့ပါတယ်။ တနင်္ဂနွေနေ့ နေ့လည်ပိုင်းမှာ မွတ်စလင်တွေရဲ့ လှူဒါန်းငွေဟာ ဒေါ်လာ ၄၃၀၀၀ အထိ ရောက်ခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခံရသူတွေကို ကူညီဖို့အတွက် Tree of Life ဘုရားကျောင်းကလည်း သူ့တို့ရဲ့ ၀ဘ်ဆိုက်မှာ အလှူငွေတွေ ကောက်ခံနေပါတယ်။
သေနတ်သမား ဘောင်ဝါကို အမုန်းရာဇ၀တ်မှုအပါအ၀င် စွဲချက်ပေါင်း ၂၉ ခုနဲ့ တရားစွဲဆိုထားပါတယ်။
Ref: Aljazeera
Comments