News @ M-Media

ဂျပန်တွင် ကလေးများ မိမိကိုယ်ကိုသတ်သေမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

နိုဝင်ဘာ ၆၊ ၂၀၁၈
M-Media

– ဂျပန်နိုင်ငံမှာ လူငယ်တွေ မိမိကိုယ်ကို သတ်သေမှုဟာ နှစ် ၃၀ အတွင်း အမြင့်ဆုံးကို ရောက်လာခဲ့တယ်လို့ နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းက ကလေးငယ် ၂၅၀ မိမိကိုယ်ကို သတ်သေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘဏ္ဍာရေးနှစ်မှာတော့ ၂၅၅ ဦး ရှိလာကာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်ပါတယ်။

သတ်သေရတဲ့ အကြောင်းအရင်းတွေက မိသားစုပြဿနာ၊ အနာဂတ်အတွက် စိတ်ပူပင်မှုနဲ့ အနိုင်ကျင့်ခံရမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် စာသင်ကျောင်းတွေက သတ်သေသွားတဲ့ ကျောင်းသား ၁၄၀ လောက်ဟာ စာမချန်ထားတဲ့အတွက် ဘာ့ကြောင့် သတ်သေရလဲဆိုတာကို မသိနိုင်ဘူးလို့ ဆိုပါတယ်။

မိမိကိုယ်ကို သတ်သေကြတဲ့ လူငယ်အများစုဟာ အထက်တန်းကျောင်းသားတွေ ဖြစ်ပါတယ်။ ဂျပန်ကျောင်းသားတွေဟာ အသက် ၁၈ နှစ်လောက်အထိ အထက်တန်းကျောင်း တက်ရတာပါ။

ကလေးတွေ မိမိကိုယ်ကို သတ်သေမှုနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဂျပန်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ သေဆုံးမှုအများစုဟာ စက်တင်ဘာ ၁ ရက်ကနေ စတင်လေ့ရှိတဲ့ စာသင်နှင့် ဒုတိယနှစ်ဝက်မှာ အဖြစ်များတယ်ဆိုတာ တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကို သတ်သေသူ အများဆုံးနိုင်ငံ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ကြိုတင်ကာကွယ်ရေး အစီအမံတွေကြောင့် အရေအတွက် လျော့ကျသွားတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။

Ref: BBC