နိုဝင်ဘာ ၉၊ ၂၀၁၈
M-Media
– ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း အမေရိကန်ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်းဝက်လောက် သေဆုံးခဲ့တယ်လို့ မနက်ဖြန်မှာထုတ်ပြန်ဖို့ရှိနေတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Human Cost of the Post-9/11 Wars: Lethality and the Need for Transparency ဆိုတဲ့အမည်နဲ့ ထုတ်ပြန်မယ့် အဲဒီ စစ်တမ်းကို အမေရိကန်အခြေစိုက် ဘရောင်းတက္ကသိုလ်က နိုင်ငံရေးနဲ့ ပြည်သူ့ရေးရာ လေ့လာမှုဌာန Watson Institute for International and Public Affairs က ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်အောက်မှာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အရပ်သားတွေ၊ လက်နက်ကိုင်တပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ အားလုံးကို ထည့်သွင်းခဲ့ရာမှာ သေဆုံးမှုဟာ ၄ သိန်း ၈ သောင်းကနေ ၅ သိန်း ၇ ထောင်လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
အီရတ်မှာ သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ ၁ သိန်း ၈ သောင်းကနေ ၂ သိန်းကျော်လောက်အထိ ရှိပြီး၊ အာဖဂန်မှာ ၃၈၄၈၀ ဦး၊ ပါကစ္စတန်မှာ ၂၃၃၇၂ ဦး ရှိခဲ့ပါတယ်။ အီရတ်နဲ့ အာဖဂန်မှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သား အရေအတွက်က ၇ ထောင်နီးပါး ရှိခဲ့ပါတယ်။
သတင်းအတိအကျမရတာတွေနဲ့ တစ်ခြားအကြောင်းအရင်းတွေကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက် ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ အဲဒီစစ်တမ်းမှာ ၀န်ခံထားပါတယ်။
“စစ်ပွဲတိုင်းမှာ သေဆုံးသူအရေအတွက် အတိအကျကို ကျွန်တော်တို့ ဘယ်တုန်းကမှ မသိရပါဘူး။ ဥပမာအားဖြင့် IS လက်ထဲကနေ မူဆိုးလ်နဲ့ အခြားမြို့တွေကို သိမ်းယူရာမှာ အရပ်သားသောင်းချီ သေဆုံးခဲ့နိုင်တယ်။ ဒါပမေယ့် သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာမတွေ့ပါဘူး” လို့ စစ်တမ်းကိုရေးသားသူ နီရာ ကရောဖို့ဒ်က ပြောကြားခဲ့ပါတယ်။
ရောဂါဘယတွေ၊ အခြေခံအဆောက်အဦး မပြည့်စုံမှုတွေလို စစ်ပွဲရဲ့ သွယ်ဝိုက်အကျိုးဆက်ကြောင့် သေဆုံးခဲ့သူတွေကိုတော့ စစ်တမ်းမှာ ထည့်တွက်ထားခြင်း မရှိပါဘူး။
စစ်တမ်းကို ၂၀၁၆ ခုနှစ် သြဂုတ်လက တစ်ကြိမ်ထုတ်ပြန်ခဲ့ဖူးပြီး အခုစစ်တမ်းမှာ သေဆုံးသူအရေအတွက်ဟာ တစ်သိန်းတစ်သောင်းလောက် ပိုများလာခဲ့ပါတယ်။
“အမေရိကန်ပြည်သူတွေ၊ မီဒီယာတွေ၊ လွှတ်တော်အမတ်တွေဟာ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေပါတယ်။ အခုတွေ့ရတဲ့ စစ်တမ်းအရ ဒီစစ်ပွဲဟာ မှေးမှိန်မသွားဘဲ အခုအချိန်အထိ ပြင်းထန်နေဆဲပဲဆိုတာကို ပြသနေပါတယ်”
Ref: Aljazeera
Comments