ဒီဇင်ဘာ ၂၉၊ ၂၀၁၈
M-Media
– ထိုင်းဘုရင်က မြေနေရာလက်ဆောင်ပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ကချင်ရွာလေးမှာ မနောပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။
အကောင်းဆုံး ရိုးရာအ၀တ်အစားတွေကို ၀တ်ဆင်ပြီး လမ်းဘေး တစ်ဖက်တစ်ချက်မှာ စီတန်းရပ်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ဗုံသံကြီးတစ်ခု လေထဲမှာ ပျံ့လွင့်မြည်ဟိန်းလာတဲ့အချိန်မှာ စည်းချက်နဲ့အတူ ယိမ်းနွဲ့ လှုပ်ရှားလာကြပါတယ်။
“ဒီလိုကဖို့ နှစ်တော်တော်ကြာ စောင့်ခဲ့ရတာပါ။ အခမ်းအနားတစ်ခုလုံးရဲ့ အရေးကြီး အစိတ်အပိုင်းတွေမှာ ဒီလိုကတာလည်း ပါဝင်ပါတယ်” လို့ ကနေတဲ့ အမျိုးသမီးနှစ်ဦးအကြားကို အသာအယာ ၀င်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ခဏအကြာမှာ ထိုင်းစစ်တပ်အရာရှိတစ်ယောက်ဟာ အကအဖွဲ့ကြားကလမ်းအတိုင်း လျှောက်လာကာ မနောတိုင်တွေအရှေ့မှာရှိတဲ့ စင်မြင့်ထက်ကို သွားရောက်ခဲ့ပြီး လမ်းတစ်လျှောက် ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ကာ ဓာတ်ပုံတွေလည်း အတူတွဲရိုက်ခဲ့ပါတယ်။ အရာရှိရဲ့နောက်မှာ ပုလွေမှုတ်သူတွေနဲ့ အကအဖွဲ့တွေက ထပ်ကြပ်မကွာ လိုက်ပါလာကြပါတယ်။ အရာရှိက မိန့်ခွန်းအနည်းငယ်ပြောကြားခဲ့ပြီးတဲ့နောက် လက်ခုပ်သံ တစ်သောသောညံခဲ့ပြီး မနောပွဲတော် စတင်ပါတော့တယ်။
ကချင်လူမျိုး အများစုဟာ မြန်မာနိုင်ငံက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ နေထိုင်ကြပေမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း အများအပြား ရှိနေပါတယ်။ ကချင်လူမျိုးအရေအတွက်ဟာ စုစုပေါင်း ၂ သန်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ထိုင်းနိုင်ငံက တစ်ခုတည်းသော ကချင်ရွာ Banmai Samakki ဟာ ချင်းမိုင်ပြည်နယ်မှာ တည်ရှိပြီး မြန်မာနယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်လောက်သာ ဝေးပါတယ်။ ရွာကလေးက တောင်ကြားမှာ ငြိမ်းချမ်းစွာ ရှိနေပေမယ့် ရွာရဲ့ သမိုင်းကြောင်းမှာတော့ အနိမ့်အမြင့် အတက်အကျတွေရှိပြီး ရွာကို တည်ထောင်သူတွေကလည်း သူတို့မျိုးဆက်မှာ ကြုံတွေ့ခဲ့ရတဲ့ မတည်ငြိမ်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိန်ထံက လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းက ကချင်၊ ရှမ်း၊ ချင်းခေါင်းဆောင်တွေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီစာချုပ်မှာ ‘တောင်တန်းဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝေ ပေးအပ်မယ်’ လို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ် မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပကြပါတယ်။
လွတ်လပ်ရေးရပြီး ဦးနုခေါင်းဆောင်တဲ့ အစိုးရလက်အောက်မှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပေမယ့် ကရင်လူမျိုးတွေနဲ့ ကွန်မြူနစ်တွေရဲ့ သူပုန်ထမှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ လွတ်လပ်ရေးရပြီး တက်လာတဲ့ အစိုးရအပေါ် စိတ်ပျက်မှုတွေ၊ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီးတဲ့နောက် ၁၉၉၄ ခုနှစ် တပ်မတော်နဲ့ နှစ်ဖက် အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးတဲ့အချိန်အထိ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အပစ်ရပ်ရေးသဘောတူညီချက်ဟာ ၂၀၁၁ ခုနှစ် ဇွန်လမှာ ပျက်ပြယ်သွားပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာကြောင့် လူပေါင်း တစ်သိန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကချင်တော်လှန်ရေးရဲ့ အစောပိုင်းနှစ်တွေမှာ သဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့အတွင်း အငြင်းပွားမှုတွေ ဖြစ်ပေါ်ကာ တစ်ခါတစ်ရံမှာ တိုက်ခိုက်မှုတွေနဲ့ အဆုံးသတ်ကြရပါတယ်။
“ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ သူတို့ထောက်ခံတဲ့ အသိုင်းအ၀ိုင်းတွေထံကနေ ကျွန်တော် ထွက်ပြေးခဲ့ရပါတယ်” လို့ Banmai Samakki ရွာကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ Khawng Hawng က ပြောကြားခဲ့ပါတယ်။ Banmai Samakki ရဲ့ အဓိပ္ပါယ်က “သဟဇာတဖြစ်သည့် ရွာသစ်” ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်က KIO ကို တည်ထောင်ခဲ့တဲ့ Zaw Seng ဟာ ၁၉၇၅ ခုနှစ် မြန်မာ-ထိုင်း နယ်ခြားက စခန်းတစ်ခုမှာ KIO တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ KIO ဟာ အစက ကွန်မြူနစ်ကို ဆန့်ကျင်ခဲ့ပေမယ့် Zaw Seng အသတ်ခံရပြီးတဲ့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ မဟာမိတ် ဖွဲ့ခဲ့ပါတယ်။ Khawng Hawng အပါအ၀င် Zaw Seng ကို ထောက်ခံသူတွေဟာ မြန်မာနိုင်ငံကိုပြန်ရင် သူတို့ရဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကြောင့် ထိုင်းဘက်က နယ်စပ်မှာ နေထိုင်ခဲ့ကြပါတယ်။
ဒီအဖွဲ့က တောထဲမှာ ရပ်ကွက်တစ်ခုကို တည်ထောင်ခဲ့ပြီး ဒီအခြေအနေကို ၁၉၈၂ ခုနှစ်မှာ ထိုင်းအစိုးရ ကြားတဲ့အခါ ထိုင်းဘုရင် ဘူမိဘော အဒူလ်ရာဂျက်က ဒုက္ခသည်တွေအတွက် မြေဧက ၆၄၀၀၀၀ ချပေးခဲ့တာကြောင့် Banmai Samakki ဟာ တရားဝင် ရွာလေးတစ်ရွာ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ ထိုင်းတော်ဝင်မိသားစုက ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းက တာဝန်ရှိသူတွေဟာ အဲဒီရွာလေးကို လာရောက် ကြည့်ရှုကာ အကူအညီပေးနိုင်ဖို့ မေးမြန်းခဲ့ပါတယ်။
“ခင်ဗျားတို့ ကချင်လူမျိုးတွေရဲ့ ထင်ရှားတဲ့ ရိုးရာက ဘာလဲ-လို့ သူတို့က ကျွန်တော့်ကိုမေးတယ်။ မနောပွဲတော်ဖြစ်တယ် – လို့ ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်” လို့ Khawng Hawng က ပြောပါတယ်။
မနောပွဲတော်ဟာ လက်ရှိမှာ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်နေတဲ့ ကချင်လူမျိုးတွေ နတ်ကိုးကွယ်စဉ်က ရှိခဲ့တဲ့ ထုံးတမ်းတစ်ခု ဖြစ်ပြီး ကောက်ရိတ်သိမ်းပြီးတဲ့အချိန် ဒါမှမဟုတ် စစ်ပွဲနိုင်လာတဲ့ အချိန်မျိုးတွေမှာ ပြုလုပ်တဲ့ ကပွဲ ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ ရိုးရာဝတ်စုံကို ၀တ်ဆင်ထားတဲ့ ခေါင်းဆောင် (naushawng) ဦးဆောင်တဲ့ အကအဖွဲ့ဟာ ညီညာစွာ စီတန်းကာ အလယ်မှာရှိတဲ့ ဗုံကြီးကနေ ထွက်လာတဲ့ စည်းချက်အတိုင်း လက်တွေ့ကို ဝှေ့ရမ်းပြီး မနောတိုင်တွေကိုပတ်ကာ ကခုန်ကြတာ ဖြစ်ပါတယ်။
Khawng Hawng ရဲ့ တောင်းဆိုမှုကြောင့် တော်ဝင်စီမံကိန်းက Banmai Samakki ရွာ မနောပွဲကျင်းပဖို့အတွက် ဘတ် ၆ သောင်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ အဲဒီလို ကူညီထောက်ပံ့မှုကို ကျေးဇူးတင်တဲ့အနေနဲ့ Banmai Samakki ရွာသားတွေဟာ ထိုင်းဘုရင် ဘူမိဘောလ်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂ နှစ်တစ်ကြိမ် မနောပွဲကို ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ မနောပွဲကတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထိုင်ဘုရင်ကြီး နတ်ရွာစံတဲ့အတွက် မကျင်းပဖြစ်ခဲ့ပါဘူး။
ပုံမှန်အားဖြင့် တိတ်ဆိပ်ငြိမ်သက်လေ့ရှိတဲ့ ရွာလေးဟာ မနောပွဲတွော ပြန်လည်ကျင်းပမှုကြောင့် ဧည့်သည်တွေနဲ့ စည်ကားလာခဲ့ပြီး မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံ အခြားဒေသတွေက လူတွေလည်း လာရောက်ကြပါတယ်။ ကချင်လူမျိုးတွေရဲ့ အမှတ်အသားဖြစ်တဲ့ အနီ၊ ငွေနဲ့ အနက်ရောင် ပေါင်းစပ်ထားတဲ့ ရိုးရာဝတ်စုံစာ
ရွှေပွဲလာ ပရိတ်သတ်တွေကြားမှာ လွှမ်းမိုးနေပြီး ငှက်ဦးခေါင်း၊ တိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ဆင်မြန်းထားတဲ့ ရ၀မ်တိုင်းရင်းသား ဦးထုပ်တွေ၊ ငွေဒင်္ဂါး၊ အရောင်အသွေးစုံတဲ့ ငှက်မွှေးနဲ့ စီရင်တဲ့ အာခါတိုင်းရင်းသား ခေါင်းဆောင်းတွေလို ရိုးရာဝတ်စုံတွေကိုလည်း တွေ့မြင်ရပါတယ်။ ဈေးဆိုင်ငယ်လေးတွေမှာလည်း စိန်ကွက်ပိတ်စတွေ၊ ပယင်းလက်ကောက်တွေ၊ ပွဲတော်သုံး ကျောက်စိမ်းအဆင်တန်ဆာတွေကို ရောင်းချနေကြပြီး ဒါတွေအာလုံးဟာ ကချင်ယဉ်ကျေးမှု၊ အဆင်တန်ဆာတွေရဲ့ အမှတ်အသား ဖြစ်ပါတယ်။
လာရောက်လည်ပတ်ကြသူတွေ စုံသလိုပဲ အစားအသောက်တွေကလည်း စုံပါတယ်။ စားပွဲတွေပေါ်မှာ အစီအရီချထားတဲ့ မုန့်ဟင်းခါး၊ ထိုင်းကြက်သားသုတ် (arb gai)၊ ကချင်အမဲသားသုတ်တွေက ဆာလောင်နေတဲ့ ဧည်သည့်တွေကို လက်ယက်ခေါ်နေသလိုပါပဲ။ မခေါ်ဘဲရောက်လာတဲ့ မြွေတစ်ကောင်ကိုတော့ ဈေးသည်တစ်ဦးက ကချင်ဓားရှည်နဲ့ ဇီဝိန်ချွေပေးလိုက်ပါတယ်။
“ဒီမွေကို ကင်ပြီးစားမယ်လို့ ကျွန်တော်ထင်နေတာ” လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မနော်ပွဲတော်ကိုလာရောက်တဲ့ အမျိုးသားတစ်ဦးက အရွှန်းဖောက်ခဲ့ပါတယ်။
ကချင်လူမျိုးတွေ တစ်ခါတစ်လေ အတူတကွ တွေ့ကြဆုံကြတဲ့ ဒီလိုအချိန်မျိုးမှာ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ဖွယ်ရာ ခံစားမှုမျိုးကိုလည်း တွေ့ရပါတယ်။ အချင်းချင်း ရယ်မောပျော်ရွှင်ကာ လက်ဆွဲနှုတ်ဆက်ကြသလို ၀မ်းနည်းဖွယ်ရာ ခံစားချက်တွေကိုလည်း ဝေမျှကြပါတယ်။
“မြစ်ကြီးနားက မနော်ပွဲတော်ကျတော့ စိတ်ကမသန့်ဘူး။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကိုကြည့်ရင် အလေးထားမခံရဘူးလို့ ခံစားရပါတယ်” လို့ မြစ်ကြီးနားကနေ လာရောက်တဲ့ ဒေါ်ဂျူလိုင်ဖောက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက ကချင်လူမျိုးတော်တော်များများရဲ့ ခံစားချက်ဟာ သူမနဲ့ ထပ်တူကျပါတယ်။ မြစ်ကြီးနားက မနောပွဲတော်ကို မြန်မာစ်တပ်က တပ်ဖွဲ့တွေ ထူထပ်စွာချကာ စောင့်ကြည့်ပြီး အစိုးရကလည်း ဒါဟာ လုံခြုံရေးလိုအပ်ချက်အတွက် လုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။ တင်းမာမှုဖြစ်စေတဲ့ နောက်ထပ်အချက်တစ်ခုက ပွဲတော်ကျင်းပတဲ့ကွင်းကို အစိုးရကပိုင်ဆိုင်ကာ စီမံခန့်ခွဲတာကြောင့် မြစ်ကြီးနားက မနောပွဲတော်ကို တော်တော်များများက သပိတ်မှောက်ကြပါတယ်။
ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့က စက်တင်ဘာလမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဆိုးရွားတဲ့ အခြေအနေတွေကို အများအပြား ဖော်ပြထားပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်က အခြေအနေကို အဓိကထား လေ့လာတာဖြစ်ပြီး အဲဒီမှာ တပ်မတော်က ‘လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်’ နဲ့ ဆောင်ရွက်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်မှုတွေကိုကြည့်ရင် စစ်တပ်မှာ ‘ကြမ်းကြုတ်တဲ့ဉာဉ် ကိန်းအောင်းနေမှု’၊ ကျူးလွန်မှုတွေကို ‘ထမင်းစားရေသောက် လုပ်သလို လုပ်နေမှု၊ ငြင်းဆန်မှုနဲ့ အရေးယူမခံရဘဲ လွတ်မြောက်နေမှု’ စတာတွေကို တုန်လှုပ်ဖွယ်ရာ တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။
ကြွယ်ဝတဲ့ သယံဇာတတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုကလည်း ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို တစ်စိတ်တစ်ပိုင်း မီးထိုးပေးနေပြီး ပြည်သူလူထုကတော့ တိုက်ပွဲတွေကြားထဲ ဆက်လက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် Banmai Samakki ရွာကလေးမှာ ၂ ရက်တာကျင်းပတဲ့ မနောပွဲက ဗုံသံဟာ တစ်ရွာလုံးမှာ လွင့်ပျံနေပြီး အကအဖွဲ့မှာ မပါဝင်တဲ့သူတွေတောင် စည်းချက်အလိုက် ယိမ်းနွဲ့လှုပ်ရှားနေကြပါတော့တယ်။
Ref : Frontier Myanmar
(Frontier Myanmar တွင် ဖော်ပြထားသည့် Celebrating the manau, and a Thai king’s gift ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments