ဇန်န၀ါရီ ၁၃၊ ၂၀၁၉
M-Media
– ၂၀၁၇ ခုနှစ် ဇူလိုင်လက ရုရှားသမ္မတ ပူတင်နဲ့တွ့ဆုံစဉ်အတွင်း ပြောကြားမှုအသေးစိတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိန်ချန်ခဲ့တယ်လို့ ၀ါရှန်တန်ပို့စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။
အိမ်ဖြူတော်မှာ အရင်က တာဝန်ထမ်းဆောင်သူတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ပြောကြားမှုကို ကိုကားကာ ဒီလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ထရမ့်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရက်စ်တီလာဆန်လည်း ပါဝင်ပါတယ်။ တွေ့ဆုံပွဲအပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးပွဲအချက်အလက် ရယူရာမှာ ထရမ့်က ပြောဆိုမှုတွေကို ထိန်ချန်ထားဖို့ ရုရှားဘာသာပြန်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
အိမ်ဖြူတော်အကြံပေးနဲ့ အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ထံကနေ ဆွေးနွေးပွဲအကြောင်း မှတ်တမ်းရယူပြီးတဲ့နောက် ရုရှားဘာသာပြန်ထံကနေ အချက်အလက်တောင်းခံရာမှာ ဒီကိစ္စကို သိရှိခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ပြန်ပြောခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဖော်ပြပါတယ်။
ထရမ့်ကတော့ ဒီဖော်ပြချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ ဆွေးနွေးပွဲ ပြီးပြီးချင်းမှာပဲ အချက်အလက်အပြည့်အစုံ ပေးအပ်ခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
FBI က စုံစမ်း
၂၀၁၇ ခုနှစ် မေလမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးကို ထရမ့်က ထုတ်ပယ်ခဲ့ပြီးတဲ့နောက် FBI တာဝန်ရှိသူတွေက ထရမ့်ကို သံသယဖြစ်လာကာ တန်ပြန် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ၂ ရက်အရင်က နယူးယောက်တိုင်းမ်စ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ထရမ့်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်၊ မဖြစ်၊ ရုရှားအတွက် ရည်ရွယ်ချက်ရှိရှိ အလုပ်လုပ်ပေးမှု ရှိ၊ မရှိ၊ မရည်ရွယ်ဘဲ ရုရှားရဲ့ လွှမ်းမိုးမှုခံရခြင်း ရှိ၊ မရှိ စတဲ့အချက်အလက်တွေကို FBI က စုံစမ်းနေတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကတည်းက ထရမ့်နဲ့ ရုရှားတို့ ဆက်သွယ်မှုကို FBI က သံသယရှိခဲ့ပေမယ့် သဲလွန်စ မရသေးတာကြောင့် မစုံစမ်းခဲ့တာဖြစ်တယ်လို့လည်း နယူးယောက်စ်တိုင်းမ်က ဖော်ပြခဲ့ပါတယ်။
မနေ့က တယ်လီဖုန်းအင်တာဗျူးမှာ Fox News သတင်းဌာနက ဒီကိစ္စအတွက် မေးမြန်းရာ ထရမ့်က ဒီမေးခွန်းဟာ သူမေးခံရသမျှထဲမှာ အစော်ကားခံရဆုံးမေးခွန်းဖြစ်ကြောင်း၊ ရုရှားကို သူ့လောက်ဆန့်ကျင်တဲ့ အမေရိကန်သမ္မတမျိုး မရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ် မေလမှာ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေး ဖယ်ရှားခံရပြီးတဲ့နောက် အထူးကိုယ်စားလှယ် ရောဘတ်မူလာက ထရမ့်နဲ့ ရုရှားတို့အကြား ဆက်ဆံရေးကိစ္စကို တာဝန်ယူ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments