News @ M-Media

NGO များ လျော့သွားသောကြောင့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးကဏ္ဍ အခက်တွေ့

ဇန်န၀ါရီ ၃၀၊ ၂၀၁၉
M-Media

ထိုင်း-မြန်မာနယ်စပ်ရှိ Mae Tao ဆေးခန်း

– နိုင်ငံတကာအလှူရှင်တွေ ဆက်လက်မထောက်ပံ့တော့တာကြောင့် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ အခက်အခဲတွေ ပိုမိုရင်ဆိုင်လာရတယ်လို့ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကရင်၊ ရှမ်း၊ မွန်၊ ကရင်နီနဲ့ ဗမာလူမျိုးစု ကျန်းမာရေးအဖွဲ့တွေဟာ မကြာသေးခင်က ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာအစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ‘တိုင်းရင်းသားဒေသ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာရေးအဖွဲ့’ (Ethnic Health System Strengthening Group) ကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေက ကျန်းမာရေး ပေါ်လစီနဲ့ သတင်းအချက်အလက်ကိစ္စတွေကို ပိုမိုတိုင်းတက်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့ပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်” လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင် ဦးစာနေထူးက ပြောကြားခဲ့ပါတယ်။

၂၀၁၀ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ပြည်မမှာ ၀င်ရောက်ဆောင်ရွက်ဖို့ အစိုးရက ခွင့်ပြုခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးကူညီစောင့်ရှောက်မှုကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

နယ်စပ်က ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေက လက်ရှိမှာ ဆေးဝါးရရှိမှု နည်းလာပြီး၊ ဒေသတွင်း ဆက်ရှိနေတဲ့ NGO တွေထံကနေ အကူအညီရဖို့ ပိုကြာလာတယ်လို့ ဆိုပါတယ်။

ဦးစောနေထူးက မြန်မာနိုင်ငံမှာ ရရှိဖို့မလွယ်တဲ့ ဆေးဝါးတွေကို အရင်က နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကနေ ရရှိပေမယ့် အခုအချိန်မှာ လွယ်လွယ်မရတော့ဘူးလို့ ပြောပါတယ်။

တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေဟာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာတွေ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု စီမံကိန်းမှာ ပါဝင်ဖို့အတွက် မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ရည်မှန်းချက် ချမှတ်ထားတဲ့ကိစ္စတွေကိုလည်း ၃ ရက်တာအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်တွန်း

နယ်စပ်တစ်လျှောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေဟာ လက်ရှိမှာ မြန်မာအစိုးရထံကနေ ဘာအထောက်အပံ့မှမရဘဲ၊ နည်းပါးလာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာသာ ဆက်လက် မှီခိုနေရပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာအစိုးရအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ထိထိရောက်ဖြစ်ချင်ရင် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေးဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဖယ်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် အစိုးရအနေနဲ့ သူတို့ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး’ လို့ ဦးစောနေထူးက ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေမှန်ကို နားလည်ဖို့၊ လှူဒါန်းတဲ့အခါမှာ ဘက်မလိုက်ဖို့၊ မြန်မာပြည်မနဲ့ တိုင်းရင်းသားဒေသတွေမှာ
ဟန်ချက်ညီညီကူညီပေးဖို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ဦးစောနေထူးက တိုက်တွန်းခဲ့ပြီး ပြည်မမှာသာ ကူညီပေးနေရင် တိုင်းရင်းသားဒေသက ကျန်းမာရေးစနစ် ပြိုလဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ethnic Health System Strengthening Group အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်ပြီး ‘မွန်အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ’ ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးနိုင်ဗညားမွန်က နိုင်ငံရေး အသွင်ကူးပြောင်းမှုအယူအဆပေါ်အခြေခံကာ အလျင်စလို ဆောင်ရွက်တာမျိုး မလုပ်ဖို့ NGO တွေကို တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့လို ကျန်းမာရေးအဖွဲ့တွေအတွက် အခုအချိန်က ကြားဖြတ်ကာလတစ်ခုပါ။ အဲဒီကြားဖြတ်ကာလကနေတစ်ဆင့် အသွင်ကူးပြောင်းရေးကို သွားနိုင်မှာပါ။ အသွင်ကူပြောင်းရေးကနေတစ်ဆင့် ဖက်ဒရယ်စနစ်ကို သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ NGO တွေက အခုအချိန်ကို အသွင်ကူးပြောင်းရေးကာလလို့ ထင်နေကြပါတယ်”

NGO အဖွဲ့တွေနဲ့ တိုင်းရင်းသားဒေသတွေကို လစ်လျူရှုပြီး မြန်မာအစိုးရနဲ့ပူးပေါင်းကာ ပြည်မမှာပဲ လုပ်ဆောင်ပေးနေတယ်လို့ ခံစားရကြောင်း ဦးနိုင်ဗညားမွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် အချိန်အတော်ကြာမှာဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နယ်စပ်က
ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် လုပ်ဆောင်ပေးရမယ်လို့လည်း သူက ပြောပါတယ်။

Ref: Irrawaddy

(ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)