ဖေဖော်ဝါရီ ၆၊ ၂၀၁၉
M-Media
– အစ္စရေးအနေနဲ့ ဆီးရီးယားကို ကျူးကျော်တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက်တုန့်ပြန်သွားမယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။
၈ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲမှာ အစ္စရေးက တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဆီးရီးယားအစိုးရပစ်မှတ်နဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ အီရန်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်တစ်လျှောက်လုံးမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို အီရန်က ကျောထောက်နောက်ခံပေးနေတာပါ။
မနေ့က တီဟီရန်မှာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်အတွင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ ရှက်ခါနီက ဆီးရီးယားရဲ့ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒါမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကာကွယ်ရေးအတွက် စီစဉ်ထားတာတစ်ချို့ကို ထုတ်သုံးပြီး အစ္စရေးက ရာဇ၀တ်ကောင် လူလိမ်ခေါင်းဆောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးသွားမှာ ဖြစ်ပါတယ်”
လက်ဘနွန်နယ်စပ်မှာ အခြေစိုက်ထားတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အီရန်က အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဆီးရီးယားက အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။
Ref: Aljazeera
Comments