ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
M-Media
– ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး ကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ဖိုး ရှိတဲ့ စီးပွားရေးသဘောတူညီချက်ကိုတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
နူရ်ခန်းလေတပ်စခန်းကိုရောက်ရှိလာတဲ့ ဘင် ဆလ်မန်မကို ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အစ္စလာမ်မာဘတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရေနံ၊ စွမ်းအင်၊ တွင်းထွက်ထုတ်လုပ်ငန်း၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီခဲ့ကြပါတယ်။
“ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းက မရှိခဲ့ဘူးတဲ့အဆင့်ထက်ပိုတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ့် အခုဆက်ဆံရေးဟာ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဂုဏ်ပြုညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။
မင်းသား မိုဟာမက် ဘင် ဆလ်မန်ကလည်း အနာဂတ်မှာ ပါကစ္စတန်ဟာ အလွန်အရေးပါတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး မိမိတို့ဟာ အဲဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံ ကန်ဒေါ်လာ ဘီလီယံ ၂၀ တန်တဲ့ စီးပွားရေးသဘောတူညီချက်တွေထဲမှာ ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဂွါဒါမြို့မှာ ရေနံချက်စက်ရုံ၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး၊ ဓာတ်ငွေ့အရည်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွေ ပါဝင်တယ်လို့ ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကွာမာရ် ဂျာဗဒ် ဘဂ်ျဝါ၊ သမ္မတ အာရစ်ဖ် အလ်ဗီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံပြီးတဲ့နောက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
ညစစားပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက မက္ကာကို ဟဂ်ျဘုရားဖူးသွားတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် ဆော်ဒီကိုရောက်မှ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်တာထက် ပါကစ္စတန်မှာပဲ တစ်ခါတည်း ဆောင်ရွက်ပေးဖို့၊ ဆော်ဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၂.၅ သန်းအရေး၊ ဆော်ဒီထောင်တွေထဲမှာ ရောက်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၃၀၀၀ ကိစ္စတွေကို ဂရုတစ်စိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဘင် ဆလ်မန်မက ဒီတောင်းဆိုမှုတွေကို စဉ်စားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ပါကစ္စတန်အစိုးရက ထုတ်ပြန်တဲ့ကြေငြာချက်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွာရေးနဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်တွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ဖို့အတွက် ‘အထူး ညှိနှိုင်းဆွေးနွေးရေးကောင်စီ’ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref: Aljazeera