News @ M-Media

ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
M-Media

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

– ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အသင်းတော်က ဆက်လက် ဖုံးကွယ်သွားမှာ မဟုတ်ဘဲ ဒီကိစ္စကို အမြစ်ပြတ် တိုက်ဖျက်သွားမယ်လို့ ခရစ်ယာန် ကက်သလစ်ဘာသာရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အသင်းတော်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေကို ခေါ်ယူပြီး ဗာတီကန်မှာ ကြာသာပတေးနေ့ကတည်းက အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။

“ကျူးလွန်မှုတွေကို အရင်တုန်းကလိုမျိုး ဖုံးကွယ်ပေးတာ၊ မသိချင်ယောင်ဆောင်ပေးတာမျိုး လုပ်မှာ မဟုတ်တော့ပါဘူး။ ဒီလို ဖုံးကွယ်ပေးတာဟာ အကုသိုလ် ပြန့်ပွားဖို့ အားပေးရာရောက်ပြီး၊ ပြဿနာကို ထပ်ပိုးပေးလိုက်သလိုလည်း ဖြစ်ပါတယ်” လို့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တာဟာ စက်ဆုပ်ဖွယ်ရာကောင်းပြီး ကမ္ဘာမြေပေါ်က ဖယ်ရှားပစ်ရမယ့် ကိစ္စမျိုးဖြစ်ကြောင်း၊ ဒီကိစ္စတွေ အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဖရန်စစ်က ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေနဲ့ အဆင့်မြင့် ခရစ်ယာန်ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်တဲ့ ညီလာခံ ဖွင့်ပွဲနေ့မှာ အသင်းတော်အတွင်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို တိုက်ဖျက်ရေး အချက် ၂၁ ချက်ပါ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပုပ်ရဟန်းမင်းက ချပြခဲ့ပါတယ်။

အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်ဆိုရင် အဆုံးစွန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အွန်လိုင်း ကလေးညစ်ညမ်းကား ကိစ္စနဲ့ပတ်သက်လို့ ဗာတီကန်ရဲ့ စည်းကမ်းဥပဒေတွေကို တင်းကြပ်မယ်ဆိုတာကလွဲလို့ တစ်ခြား အသေးစိတ် ကတိက၀တ်တွေ၊ လုပ်ဆောင်မယ့် အစီအစဉ်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ ရုပ်ပွားဆင်းတု ကိုးကွယ်မှုဓလေ့မှာ ရှိခဲ့တဲ့ လူသားကို ယစ်ပူဇော်တာနဲ့ အတူတူပဲလို့ ဖရန်စစ်က နှိုင်းယှဉ်ခဲ့ပြီး ကျူးလွန်သူတွေကို ‘ဘုရားသခင်ရဲ့ အမျက်တော်’ နဲ့အတူ တုန့်ပြန်သွားမယ်လို့ သန္ဓိဌာန်ပြုထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ခရစ်ယာန် ကက်သလစ်ဘုန်းကြီးအချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသင်းတော် အာဏာပိုင်တွေကလည်း ဒီကိစ္စတွေကို ဖုံးကွယ်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် သြစတေးလျ၊ ချီလီ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေမှာ အစိုးရအာဏာပိုင်တွေက ဒီကိစ္စတွေကို စုံစမ်းကာ လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးကတော့ ကလေးငယ်တွေအပေါ် လိင်စိတ်တိမ်းညွှတ်တဲ့ ဘုန်းကြီးတွေဟာ ‘မာရ်နတ်ရဲ့ ဘက်တော်သားတွေ’ လို့ သမုတ်ခဲ့ပါတယ်။

Ref: Aljazeera