ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
M-Media
– ကားလ်မက်စ်နဲ့ လီနင်တို့ရဲ့ အတွေးအခေါ် အယူအဆအတိုင်း လိုက်နာကျင့်သုံးကြဖို့၊ နတ်ဘုရားတွေ၊ ဗေဒင်ယတြာတွေကို မယုံကြည်ကြဖို့နဲ့ လစ်ဘရယ်ဝါဒကို မကျင့်သုံးကြဖို့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်တွေကို သတိပေးလိုက်ပြီး ပါတီစည်းကမ်း ပိုမိုတင်းကြပ်မှု တစ်ခုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မူအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားပေမယ့် ကွန်မြူနစ်ပါတီဝင်တွေကတော့ ဘာသာမဲ့ဖြစ်ရပြီး ဗေဒင်ကိန်းခန်းအပါအ၀င် သဘာဝလွန်စွမ်းအားတွေကို မယုံကြည်ဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းတစ်ချို့ဟာ ဒီလို ယုံကြည်မှုမျိုးတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍနဲ့ ခေါင်းဆောင်ပိုင်းကို ပိုမို အားကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မနေ့က နိုင်ငံပိုင်သတင်းဌာန Xinhua ရဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မက်စ်ဝါဒသာလျှင် တရုတ်နိုင်ငံနဲ့ ပါတီကို လမ်းပြပေးမယ့် အယူအဆဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“မက်စ်ဝါဒနဲ့ လီနင်ဝါဒတို့ကို မယုံကြည်ဘဲ နတ်ဘုရား၊ ဗေဒင်ယတြာတွေကို ယုံကြည်တာ၊ အမှန်တရားကို မယုံကြည်ဘဲ ငွေကိုသာလျှင် ဦးထိပ်ထားတာမျိုးကို လုံးဝ တားမြစ်ပါတယ်။ မက်စ်ဝါဒကို ပုံဖျက်မှု၊ တစ်လွဲဖွင့်ဆိုမှုနဲ့ ငြင်းဆိုမှု ပုံစံအားလုံးကိုလည်း လုံးဝ ဆန့်ကျင် ကွက်ကွက်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
မနှစ်က ဂျာမန် ဒဿနပညာရျင် ကားလ်မက်စ်ရဲ့ နှစ် ၂၀၀ ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မက်စ်ဝါဒရဲ့နိုင်ငံရေးသီအိုရီတွေအတိုင်း ကွန်မြူနစ်ပါတီက လိုက်နာဆောင်ရွက်တာဟာ လုံးဝ မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခေတ်သစ် တရုတ်နိုင်ငံကို တည်ထောင်သူ မော်စီတုံးဟာ ၁၉၄၉ ခုနှစ် တော်လှန်ရေးပြီးတဲ့နောက်ပိုင်း ဗေဒင်နက္ခတ် ဟောပြောမှု၊ သဘာဝလွန်စွမ်းအားတွေကို ယုံကြည်မှု စတာတွေကို ပိတ်ပင်ခဲ့ပေမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေ နောက်ပိုင်းမှာ ဒီအယူဝါဒတွေက တစ်ကျော့ ပြန်ခေါင်းထောင်လာခဲ့ပါတယ်။
ရှီကျင့်ဖျင် အာဏာရပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ ခြစားမှုတိုက်ဖျက်ရေးကို စတင်ခဲ့ပြီးတဲ့နောက် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက လူတစ်ချို့ဟာ ဗေဒင်ယတြာတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ လုံခြုံရေးအကြီးအကဲဟောင်း ကျိုးယုံခန်း ဗေဒင်သွားမေးတဲ့ကိစ္စဟာ နာမည်ကျော်ခဲ့ပြီး ဗေဒင်ဆရာကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ဖွင့်ပြောခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။
မနေ့က ထုတ်ပြန်တဲ့ ပါတီရဲ့ ကြေငြာချက်မှာ လူပုဂ္ဂိုလ်ကိုးကွယ်မှု၊ လစ်ဘရယ်ဝါဒ၊ အာဏာခွဲဝေပေးမှု၊ သီးခြားအဖွဲ့အစည်းတွေ ဖွဲ့စည်းမှု စတာတွေကို မပြုလုပ်၊ မကျင့်သုံးကြဖို့ သတိပေးထားပြီး ပါတီဝင်တွေဟာ ပါတီရဲ့ မူဝါဒအတိုင်း သွားရမယ်လို့ ဖော်ပြထားပါတယ်။
Ref: CNA