News @ M-Media

မိမိတို့မြေတွင် အစွန်းရောက်အုပ်စုများ အခြေစိုက်ခွင့်မပေးဟု ပါကစ္စတန်ပြော

မတ် ၈၊ ၂၀၁၉
M-Media

– မိမိတို့မြေပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်ပြီး နိုင်ငံရပ်ခြားမှာ တိုက်ခိုက်မှု ပြုလုပ်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလအစောပိုင်း အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံကားဗုံးခွဲမှု တစ်ခုကြောင့် အိန္ဒိယပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ JeM က ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိယက ပါကစ္စတန်လည်း ဒီကိစ္စမှာ ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

တိုက်ခိုက်မှုပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး လေယာဉ်တွေကို အပြန်အလှန်ပစ်ချမှုတွေ၊ ကက်ရှ်မီးယားဒေသမှာ လလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာဖိအားတွေ မြင့်တက်လာတာကြောင့် အခုသီတင်းပတ်အတွင်း ပါကစ္စတန်ဟာ လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းမှု ပိုမို လုပ်ဆောင်လာပါတယ်။

“နိုင်ငံပြင်ပ အကြမ်းဖက်ဝါဒအတွက် ပါကစ္စတန်မြေကို အသုံးပြုတာကို ကျွန်တော်တို့အစိုးရက ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လို စစ်သွေးကြွအုပ်စုကိုမှ လည်ပတ်ခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန်တောင်ပိုင်းက ပြည်သူ့ချီတက်ပွဲ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

မနေ့က ပါကစ္စတန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ပိတ်ပင်ထားတဲ့ အစွန်းရောက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိတဲ့ အမျိုးသားရေးကျောင်း ၁၈၂ ကျောင်းကို ထိန်းချုပ်လိုက်ပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီးက ဒီလို ဆောင်ရွက်မှုဟာ အရင်ကတည်းကရှိခဲ့တဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိက ဝေဖန်တဲ့အတွက်ကြောင့် ချက်ခြင်း ထလုပ်တာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera