မတ် ၈၊ ၂၀၁၉
M-Media
– ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ ၂ ရက်တိုင်လာခဲ့ပြီး ကျောင်းတွေ အလုပ်တွေ အားလုံး ပိတ်ထားရပါတယ်။
နိုင်ငံရဲ့ အကြီးဆုံး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဓာတ်အား ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ အစိုးရကတော့ မီးပြတ်တာဟာ အယူအဆမတူသူတွေရဲ့ အဖျက်အမှောက်လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံ ဒေသတော်တော်များများမှာ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်လေ့ရှိပေမယ့် အာဏာရ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံး တစ်ရက်ထက်ပိုပြီး မီးမပြတ်ဖူးပါဘူး။ လက်ရှိမှာ နိုင်ငံတောင်ပိုင်း ပေါ်တိုအော်ဒက်ဇ် တစ်မြို့တည်းသာ ဓာတ်အား ရရှိတယ်လို့ ဆိုပါတယ်။
မီးမလာတာကြောင့် ကျောင်းတွေ၊ အလုပ်တွေ ပိတ်ထားရသလို၊ ဓာတ်အားနဲ့သွားတဲ့ ရထားလည်း ပိတ်ထားရပါတယ်။
ရာထူးကနေ ဆင်းပေးဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံရဲ့ ဓာတ်အားပြဿနာဟာ အမေရိကန်ကျော်ထောက်နောက်ခံပြုတဲ့ အဖျက်အမှောက်လုပ်ငန်းကြောင့် ဖြစ်တယ်လို့ တစ်စိုက်မတ်မတ် စွပ်စွဲပြောဆိုထားပါတယ်။
အစိုးရဝေဖန်ရေးသမားတွေက ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချားဗက်ဇ်က ၂၀၀၇ ခုနှစ်မှာ လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီးကတည်းက စွမ်းအင်ကဏ္ဍမှာ စိမံခန့်ခွဲမှု အမှားတွေ လုပ်ဆောင်ခဲ့ပြီး၊ ဓာတ်အားရရှိရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုခဲ့ပေမယ့် ခြစားမှုတွေကြောင့် ကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။
Ref: Reuters
Comments