မတ် ၂၇၊ ၂၀၁၉
M-Media
– ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က ငှက်ပျောက်စိုက်ခင်းနားမှာရှိတဲ့ ချောင်းတွေမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည်ခင်းကစလို့ ငါးတွေ သေဆုံးနေတာကို တွေ့လာရပါတယ်။
နမ်မြင်ခနဲ့ နန်းလုံခလို့ခေါ်တဲ့ အဲဒီချောင်းနှစ်ခုက ငါးသေတွေကို အနီးအနားမှာရှိတဲ့ အောင်မြေ (၁)၊ အောင်မြေ (၂) ရွာသားတွေက ယူဆောင် စားသုံးခဲ့ကြပါတယ်။
ငါးတွေ သေဆုံးမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကချင်ပြည်နယ်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးစီးဌာနက ချောင်းနှစ်ခုကရေတွေကို ဓာတ်ခွဲစစ်ဆေးခဲ့ပေမယ့် ငှက်ပျောစိုက်ခင်းမှာ ဓာတုပစ္စည်းသုံးစွဲမှု ရှိနေလားဆိုတာကို မစစ်ဆေးခဲ့ပါဘူး။ ဓာတ်ခွဲမှုအရ ချောင်းရေ ညစ်ညမ်းနေတာကို တွေ့ရပြီး၊ရွာသားတွေက သူတို့စားဖို့ ငါးတွေကိုဖမ်းရာကနေ ဖြစ်တာလို့ ကောက်ချက်ချခဲ့ပါတယ်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနဲ့ ၂၅ ကီလိုမီတာဝေးပြီး မန္တလေးကိုသွားတဲ့ အဝေးပြေးလမ်းပေါ်မှာဒီရှိတဲ့ အောင်မြေ (၁)၊ အောင်မြေ (၂) ရွာသားတွေဟာ မြေတွေကို ငှက်ပျောစိုက်ဖို့အတွက် ကုမ္ပဏီတစ်ခုထံ ပြီးခဲ့တဲ့နှစ်ကစတင်ကာ ငှားရမ်းခဲ့ကြပါတယ်။ ကချင်ပြည်နယ်မှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း ကြီးထွားလာာ မှုကို Frontier သတင်းဌာနက စုံစမ်းဖော်ထုတ်ကာ Kachin’s plantation curse ခေါင်းစဉ်နဲ့ ဇန်န၀ါရီလက သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ဖူးပါတယ်။
ရွာသားတွေဟာ နေ့စဉ် သောက်ဖို့၊ သုံးဖို့နဲ့ ကျွဲနွားတွေကို တိုက်ကျွေးဖို့အတွက် ချောင်းထဲက ရေကိုသာ ခပ်ယူသုံးစွဲကြပါတယ်။ တစ်ချို့ရွာသားတွေက ချောင်းနဲ့ မနီးမဝေးမှာရှိတဲ့ ရေတွင်းတွေထဲက ရေတွေကို သောက်ကြပါတယ်။ ချောင်းနှစ်ခုနဲ့ အနီးဆုံးရေတွင်းတွေမှာလည်း ငါးသေတွေကို တွေ့ခဲ့ရပါတယ်။
“ငါးတွေဒီလိုသေနေတာကို အစကတော့ ဘာဖြစ်နေမှန်း မသိကြဘူး။ ရွာသားတွေက ဒီငါးတွေကိုယူပြီး စားကြတယ်” လို့ အောင်မြေ (၂) ရွာမှာ နေထိုင်တဲ့ ဖရဲစိုက်တောင်သူ U Ting Ying က ပြောပါတယ်။
Ting Ying ဟာ ဒေသခံပြည်သူတွေကိုယ်စား ရှေ့ထွက်ပြောဆိုသူတစ်ယောက် ဖြစ်လာခဲ့ပြီး၊ မီဒီယာတွေကို ပြောပြတာဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးရေး ငှက်ပျောစိုက် ကုမ္ပဏီအပေါ် ဖိအားတစ်ခု ဖြစ်စေမယ်လို့ သူက မျှော်လင့်နေပါတယ်။ ဒေသတွင်းမှာ ကုမ္ပဏီက အကြီးတန်းတာဝန်ရှိသူတွေ မရှိတာကြောင့် ကုမ္ပဏီကို ဆက်သွယ်ပြောဆိုဖို့ မလွယ်ဘူးလို့လည်း သူက ပြောပါတယ်။
“ငှက်ပျောခြံတွေမှာ သူတို့က ပိုးသတ်ဆေးတွေဖြန်းတယ်။ အဲဒီလိုလုပ်ကတည်းက ငါတွေ တစ်ကောင်မကျန် အကုန်သေကုန်တာ။ ရွာသားတွေအားလုံး စိတ်သောကရောက်နေကြပါတယ်။ ကုမ္ပဏီကြောင့်လို့ တပ်အပ်ပြောလို့မရဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်က အဲဒီကုမ္ပဏီစိုက်ခင်းတစ်ဝိုက်မှာပဲ ဖြစ်တာပါ။ ကုမ္ပဏီက အလုပ်သမားခေါင်းကို ကျွန်တော်တို့မေးတော့ သူက ဘာမှမသိဘူးလို့ ပြောတယ်”
အောင်မြေ ၂ ရွာက ဖရဲတောင်သူ U Na Lawn က “တာဝန်ရှိတဲ့သူကို ကျွန်တော်တို့ ဥပဒေကြောင်းအရ အရေးယူချင်တယ်။ ဒါမျိုး နောက်ထပ်မဖြစ်ချင်ပါဘူး။ ငါးတွေအားလုံး သေကုန်ကြတာ”
ရွာနှစ်ရွာက မြေဧက ၅၀၀ ကို Jinhgpaw Nadi လို့ခေါ်တဲ့ တရုတ်ကုမ္ပဏီကို အငှားချထားတယ်လို့ Ting Ying က ပြောပါတယ်။ ကုမ္ပဏီကို ဘယ်သူပိုင်လဲဆိုတာ Frontier က အတည်ပြုလို့ မရပေမယ့် Ting Ying က သူတွေ့ဖူးတဲ့ အလုပ်သမားခေါင်းတွေဟာ တရုတ်လိုပဲပြောကြတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဟာ လတ်တလော ဧက ၂၀၀ လောက် ငှက်ပျောစိုက်ထားတယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကုမ္ပဏီ အဲဒီဒေသကို ရောက်လာစဉ် ရွာတစ်ရွာက ခရစ်ယာန်နှစ်ခြင်းအသင်းတော် ခေါင်းဆောင်တစ်ဦးဟာ ကုမ္ပဏီကို မြေအငှားချဖို့အတွက် ရွာသားတွေကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီမြေတွေဟာ အရင်က နှမ်း၊ ပြောင်း၊ ဖရဲနဲ့ လိမ္မော်သီးတို့လို အသီးအနှံမျိုးစုံ စိုက်ပျိုးတာပါ။ ရွာသားအများစုက ငှားဖို့ ငြင်းဆန်ခဲ့ကြပေမယ့် အိမ်ခြေ ၈၀ မှာ သုံးပုံတစ်ပုံလောက်က သဘောတူခဲ့ကြတယ်လို့ Ting Ying က ပြာပါတယ်။
“စားဝတ်နေရေးခက်ခဲတဲ့ ရွာသား တစ်ယောက်၊ နှစ်ယောက်လောက်က စားဖို့သောက်ဖို့ ပိုက်ဆံလေးများ ရမလားဆိုပြီး မြေငှားလိုက်တဲ့ အခါကျတော့ ကျန်တဲ့လူတွေကလည်း လိုက်ပြီး အငှားချကြတယ်”
ရွာသားတွေဟာ တစ်ဧက တစ်နှစ်ငှားခ ကျပ် ၂ သိန်းနဲ့ ၃ နှစ်အငှားစာချုပ် ချုပ်ခဲ့ကြပေမယ့် တစ်နှစ်ကျော်လာတဲ့အထိ ပိုက်ဆံမရသေးဘူးလို့ Ting Ying က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဥပဒေပ လုပ်ဆောင်မှုများ
အောင်မြေ (၁) နဲ့ အောင်မြေ (၂) ရွာက ငှက်ပျောခြံတွေဟာ တရုတ်နဲ့ကပ်နေတဲ့ ၀ိုင်းမော်မြို့မှာ ရှိနေတဲ့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေထဲက သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီက ငှက်ပျောစိုက်ပျိုးရေးကို တစ်ရှူးငှက်ပျော စိုက်ပျိုရေးလို့ခေါ်ပြီး သတ်မှတ်ငှက်ပျောမျိုးစိတ်က တစ်ရှူးကို ဓာတ်ခွဲခန်းထဲမှာ ပျိုးပြီးနောက် အပြင်မှာ ပြန်လည် စိုက်ပျိုးတာ ဖြစ်ပါတယ်။
မြစ်ကြီးနားအခြေစိုက် မြေယာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွက်ယက် Land Security and Environmental Conservation Networking Group (LSECNG) က ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုနဲ့ပတ်သက်ပြီး မကြာသေးခင်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကွန်ယက်ကို အရပ်ဖက်အဖွဲ့ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး သူတို့ရဲ့ အစီရင်ခံစာမှာ ၀ိုင်းမော်၊ ဗန်းမော်၊ မြစ်ကြီးနားမြို့နယ်တွေက ရွာ ၆ ရွာမှာရှိတဲ့ ရွာသားတွေကို အသေးစိတ် မေးမြန်းမှုတွေ ပါဝင်သလို၊ ၀ိုင်းမော်မြို့နယ်က ငှက်ပျောစိုက်ခင်းတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။
ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ၂၀၀၆ ခုနှစ်က စတင်ခဲ့ပြီး ၀ိုင်းမော်မြို့နယ်မှာတော့ အဲဒီငှက်ပျောစိုက်ခင်းဟာ ဧက ၁၄၂၀၀၀၊ မြို့နယ်ရဲ့ ၁၂ ရာခိုင်နှုန်း လောက်ရှိတယ်လို့ LSECNG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ငှက်ပျောစိုက်ခင်းအတွက် မြေငှားထားသူတွေရဲ့ ၅၉ ရာခိုင်နှုန်းက သူတို့ဟာ ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေ၊ လှည့်စားမှုတွေ၊ အကြပ်ကိုင်မှုတွေကြောင့် ငှားခဲ့ရတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ကချင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ၊ ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကြောင့် မြေသိမ်းခံရမယ့် အန္တရာယ်ရှိသူတွေကို ကုမ္ပဏီတွေက အလိုတော်ရှိတွေငှားပြီး ဖိအားပေးခဲ့တယ်လို့ ဇန်န၀ါရီလ Frontier ရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
တစ်ရှူးငှက်ပျောစိုက်ပျိုးရေး နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးထိခိုက်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှု မလုပ်ရသေးပါဘူး။ ဒါပေမယ့် ငှက်ပျောစိုက်ခင်းဖက်ကနေ စီးလာတဲ့ ချောင်းရေကို သောက်သုံးပြီး နွားတွေသေတာ၊ ငှက်ပျောရွက်စားပြီး ၀က်တွေသေတာ၊ ဓာတုပ္စည်းတွေကို ကာလရှည် ထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့ အသက်ရှုလမ်းကြောင်ဆိုင်ရာ ရောဂါတွေကို ရွာသားတွေ ခံစားလာရတာတွေလို စိုးရိမ်စရာကိစ္စတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း LSECNG က တွေ့ရှိခဲ့ပါတယ်။
အောင်မြေ (၂) ရွာက ရွာသားအများစုဟာ ငှက်ပျောစိုက်ခင်းအတွက် မြေတစ်ဧကကို တစ်နှစ် ၁ သိန်းကနေ ၂ သိန်းကြားနဲ့ ကုမ္ပဏီတွေကို ငှားထားပြီး တစ်ခါတစ်ရံမှာ ကျပ် ၅ သောင်း၊ ၆ သောင်းလောက်နဲ့တောင် ငှားကြတယ်လို့ LSECNG အဖွဲ့ဝင်တွေက Frontier သတင်းဌာနကို ပြောပါတယ်။ ပုံမှန်အားဖြင့် ဒီငွေတွေကို ချက်ခြင်းမရဘူးလို့လည်း ဆိုပါတယ်။
သီးနှံရိတ်သိမ်းချိန်မှာ ရွာသားတွေက တစ်ရက်ကို ငွေကျပ် ၈ ထောင်ကနေ ၁၂၀၀၀ လောက်နဲ့ အဲဒီစိုက်ခင်းတွေမှာ အလုပ်လုပ်ကြရပါတယ်။ ဒါပမယ့် မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့က ရွှေ့ပြောင်းလုပ်သားတွေဟာ တစ်ရက်ကို ၅၀၀၀ လောက်နဲ့ လုပ်ပေးတာကြောင့် ဒေသခံရွာသားတွေလည်း လုပ်ခကို ဈေးချပြီး လုပ်ကြရပါတယ်။ ကုမ္ပဏီတွေကတော့ တစ်ခါရိပ်သိမ်းရင် တစ်ဧကကို သိန်း ၈၀ လောက်ရပြီး တစ်နှစ်ကို နှစ်သီးရိတ်သိမ်းရတယ်လို့ LSECNG က ပြောပါတယ်။
တစ်ရှူးငှက်ပျောက် စိုက်ပျိုရေးနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေဟာ ကချင်ပြည်နယ်မှာ အဆက်မပြတ် ဖြစ်လာခဲ့ပြီး ဒါဟာ အန္တရာယ်ရှိနိုင်တယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ဖြစ်လာပါတယ်။ Frontier သတင်းဌာနက အင်တာဗျူးခဲ့တဲ့ LSECNG အဖွဲ့ဝင်တစ်ဦးက သူတို့ရဲ့တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး အစိုးရဖက်က ဝေဖန်ထားတာကြောင့် သူ့ရဲ့အမည်ကို ထုတ်ဖော်မပြောဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
‘မြစ်ကြီးနား သတင်းဂျာနယ်’ က သတင်းထောက်နှစ်ဦးဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ‘သခင်စစ်’ သတ္ထုတူးဖော်ရေးကုမ္ပဏီရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ငှက်ပျောစိုက်ပျိုးရေးအတွက် သခင်စစ်ကုမ္ပဏီက မြေတွေရှင်းလင်းမှုကို ရွာသားတွေက စိုးရိမ်ကြောင်းသတင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် ဖြစ်ပါတယ်။
လွတ်မြောက်လာပြီး နောက်တစ်ရက်မှာတော့ သတင်းထောက်တွေဟာ ညှင်းပမ်းမှုမှာ ပါဝင်သူ ကုမ္ပဏီဝန်းထမ်း ၆ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ သခင်စစ် သတ္ထုတွင်းကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ Ding Sau က မြစ်ကြီးနား သတင်းဂျာနယ်ရဲ့ အမှုဆောင်ဒါရိုက်တာ Brang Mai နဲ့ သတင်းထောက် မွန်မွန်ပန်တို့ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်က ငှက်ပျောစိုက်ခင်း တော်တော်များများဟာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ လုပ်နေတဲ့ ကုမ္ပဏီအများစုက တရုတ်ပိုင်ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မြန်မာနဲ့ တရုတ်လုပ်ငန်းရှင်တွေ ဖက်စက်ထောင်ထားတဲ့ ကုမ္ပဏီတွေ ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဒီကုမ္ပဏီတွေ၊ သူတို့ရဲ့စိုက်ပျိုးထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး အစိုးရမှတ်တမ်းတွေမှာ သတင်းအချက်အလက်မှတ်တမ်း မရှိသလောက်ပါပဲ။ ကုမ္ပဏီတော်တော်များများက လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ရာ ဒေသတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပြီး အစိုးရရဲ့ ခွင့်ပြုချက်၊ သဘာပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ တရားဝင် လေ့လာသုံးသပ်မှုတွေကို ရှောင်လွှဲ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
LSECNG ရဲ့အစီရင်ခံစာမှာ ကချင်ပြည်နယ်အတွင်း ငှက်ပျောစိုက်ပျိုးနေတဲ့ကုမ္ပဏီ ၄၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံ မှတ်ပုံတင်ရာမှာ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အားလုံးကို ဖော်ပြစရာမလိုပါဘူး။ DICA ကို မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခုသာ ငှက်ပျောစိုက်ပျိုးမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလိုဖော်ပြထားတဲ့ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ မြန်မာနိုင်ငံသားပိုင် Kachin Star ကုမ္ပဏီ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာတဲ့အခါမှာတော့ Kachin Tian Hu Company Limited အမည်နဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဖက်စက်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။
အောင်မြေရွာတွေမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီအမည်ဟာ Jinghpaw Nadi ဖြစ်တယ်လို့ Ting Ying က ပြောပါတယ်။ အဲဒီကုမ္ပဏီဟာ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် DICA မှာ မှတ်ပုံတင်ထားတာဖြစ်ပြီး ငှက်ပျောစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တစ်လုံးတစ်ပါဒမှ မပါဝင်ပါဘူး။
မှတ်တမ်းပျောက်
မတ်လ ၁ ရက်နေ့က ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (ECD) ရဲ့ မြစ်ကြီးနားရုံးမှာ တွေ့ဆုံမေးမြန်းမှုမှာ ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးက ချောင်းထဲမှာ ငါးတွေသေဆုံးမှုနဲ့ပတ်သက်ပြီး ဦးစီးဌာနရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို Frontier သတင်းဌာနထံ မျှဝေပြောကြားခဲ့ပါတယ်။
“ပွင့်လင်းမြင်သာမှုရှိဖို့က အရေးကြီးဆုံးပါ” လို့ သူမကဆိုပြီး ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းကို ဘယ်သူလုပ်နေလဲလို့ မေးမြန်းရာမှာတော့ ကုမ္ပဏီအမည်ကို သူမ မသိကြောင်း၊ ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အခြားကုမ္ပဏီတွေလို တရုတ်ကုမ္ပဏီဖြစ်မယ်ထင်ကြောင်း ဖြေကြားခဲ့ပါတယ်။
ကုမ္ပဏီအကြောင်းနဲ့ သူတို့ရဲ့လုပ်ငန်းတွေအကြောင်း အစီရင်ခံစာမှာ မပါဝင်သလို၊ နမ်မြင်ခချောင်းနားက ငှက်ပျောစိုက်ခင်းမှာ ဓာတုပစ္စည်းတွေ အသုံးပြုမှုအကြောင်းကိုလည်း အစီရင်ခံစာမှာ မတွေ့ရပါဘူး။
ငါးတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ၀န်ထမ်း ၄ ဦးကို စေလွှတ်ခဲ့တယ်လို့ ECD က အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ချောင်းအထက်ပိုင်းနဲ့ ငါးတွေသေဆုံးခဲ့တဲ့ ချောင်းအောက်ပိုင်းက ရေနမူနာကို သူတို့အဖွဲ့က ယူဆောင်ခဲ့ပြီး ရွာသားတွေကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ နမူနာယူလာတဲ့ရေတွေကို PH၊ oxidation နဲ့ reduction ဖြစ်နိုင်မှု၊ ရွံ့ပါဝင်မှုတွေအပါအ၀င် စံနှုန်း ၁၃ ခုနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ စံနှုန်းအားလုံး ပြည့်မီပေမယ့် အနည်ပါဝင်မှု များပြားနေတာကို တွေ့ခဲ့ရပါတယ်။
ချောင်းကမ်းနားမှာ မီးပုံအကြွင်းအကျန်တွေ၊ ဘီယာဗူးတွေကို ECD စုံစမ်းစစ်ဆေးသူတွေက တွေ့ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ငါးသေတွေ မရှိတော့ပါဘူး။ ငါးသေတွေကို မီးပုံဖိုထားတဲ့နေရာရဲ့ အောက်ပိုင်းမှာ တွေ့ရတယ်ဆိုတဲ့ ရွာသားတွေရဲ့ပြောကြားမှုကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီနေရာမှာ ၂၀၁၃ ခုနှစ်ကလည်း ငါးတွေသေဖူးပြီး အဲဒီတုန်းက စုံစမ်းစစ်ဆေးမှုအရ ရွာသားတွေဟာ ပေါင်းသတ်ဆေးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေအသုံးပြုကာ ငါးဖမ်းခဲ့တယ်ဆိုတာ တွေ့ရှိရကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ငါးတွေဟာ ဘယ်သူ့ကြောင့်၊ ဘာ့အကြောင့် သေဆုံးသွားလဲဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်ခြင်းမရှိပေမယ့် ရွာသားတွေကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ ဒီမခိုင်လုံတဲ့ အထောက်အထားကို အခြေခံပြီး အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။
ဒေါ်နွယ်နွယ်အေးက ငါးတွေကိုဖမ်းစားတာဟာ ရွာသားတွေရဲ့ဓလေ့ဖြစ်ပြီး သူတို့ကို အပြစ်မတင်ပေမယ့် ငါတွေကို မကြာခဏ ဖမ်းစားလေ့ရှိတာကြောင့် ငါးတွေသေတာ ရွာသားတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ သုံးသပ်မှုမှာတွေ့ရကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စိုက်ခင်းတွေကို ပိုးသတ်ဆေးဖြန်းတဲ့ရာသီ မဟုတ်တာကြောင့် ငါးတွေသေတာဟာ ငှက်ပျောစိုက်ခင်းမှာသုံးတဲ့ ဓာတုပစ္စည်းကြောင့် မဟုတ်နိုင်ဘူးလို့ ECD ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ရွာသားတွေက ပြောကြားခဲ့ကြောင်း သူမက ဆိုပါတယ်။ ဒါပေမယ့် ဒီပြောဆိုချက်ဟာ Frontier ကို Ting Ying ရဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ Kachin News Group ရဲ့ သတင်းဖော်ပြချက်မှာ ‘ငါးတွေသေတာဟာ ချောင်းနဲ့ ၂ မိုင်အဝေးမှာရှိတဲ့ တရုတ်ကျောထောက်နောက်ခံပြု တစ်ရှူးငှက်ပျောစိုက်ခင်းမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေကြောင့်ဖြစ်တယ်လို့’ ယုံကြည်ရကြောင်း ရွာသားတွေရဲ့ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ECD ဟာ ငှက်ပျောခြံတွေကို စစ်ဆေးခဲ့ခြင်း မရှိပေမယ့် အစီရင်ခံစာမှာတော့ ငှက်ပျောစိုက်ခင်းတွေမှာ ဓာတုပစ္စည်းတွေ အသုံးပြုမှုကို စောင့်ကြည့်၊ ထိန်းချုပ်ဖို့၊ ဓာတုပစ္စည်းအသုံးပြုမှုရဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဒေသခံတွေကို အသိပညာပေးဖို့ အကြံပြုခဲ့ပါတယ်။
ECD အနေနဲ့ နမ်မြင်ခချောင်းနားက ငှက်ပျောခြံတွေကို စုံစမ်းစစ်ဆေးဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းရာမှာ ဒေါ်နွယ်နွယ်အေးက ပထမဆုံး DICA ဒါမှမဟုတ် အစိုးရရုံးတစ်ခုခုက တရားဝင်စာထုတ်ဖို့ လိုတယ်လို့ ဖြေကြားခဲ့ပါတယ်။ လတ်တလောမှာ Kachin Star/Kachin Tian Hu ကုမ္ပဏီရဲ့ ငှက်ပျောစိုက်ခင်းတွေကို စစ်ဆေးဖို့ DICA ရဲ့ မေတ္တာရပ်ခံချက် တစ်ခုတည်းသာ ရရှိသေးတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဓာတုပစ္စည်းအဆိပ်သင့်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှုတို့နဲ့ ပတ်သက်ပြီး ပိုမို ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်ဖို့ LSECNG က အစိုးရကို တိုက်တွန်းဆော်သြနေပါတယ်။
“ငှက်ပျောခြံတွေကို ရှင်းပစ်ချင်တာမဟုတ်ပါဘူး။ ဒေသခံပြည်သူတွေ အကျိုးကျေးဇူးကို မျှဝေခံစားနိုင်ဖို့၊ ရေရှည်တည်တံ့ပြီး ဂေဟစနစ်နဲ့လျော်ညီတဲ့ စိုက်ပျိုးရေး ဖြစ်လာဖို့ နည်းလမ်းရှာချင်တာပါ။ ဒေသခံပြည်သူတွေက ဒီမြေ၊ ဒီရေကို မှီခိုနေရတာပါ။ ဒါတွေပျက်ဆီးသွားရင် သူတို့ ဘယ်ကိုသွားကြမလဲ၊ ဘယ်မှာ အသက်ရှင်ရမလဲ” လို့ LSECNG က အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
Ref: Frontier Myanmar
(Frontier Myanmar တွင် ဖော်ပြထားသည့် ‘All the fish died’: Kachin communities alarmed at impact of banana plantations ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
Comments