ဧပြီ ၂၉၊ ၂၀၁၉
M-Media
– ဟိန္ဒူဘာသာကို စော်ကားပြောဆိုတဲ့ မွတ်စလင်တရားဟောဆရာတစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် မိုဟာမက် ဇမ်မရီ ဗီနော့သ်ဆိုသူဟာ ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြည်သူတွေက တိုင်ကြားပြီးတဲ့နောက်ပိုင်း ပဲရ်လစ်မြို့ ရာဇ၀တ်မှု တိုက်ဖျက်ရေးဌာနက ဧပြီလ ၂၈ ရက် (တနင်္ဂနွေ) နေ့မှာ ဖမ်းဆီးခဲ့တာလို့ ရဲချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဒန်ဝမ်ငီးရဲတပ်ဖွဲ့ကို လွှဲပြောင်းကာ နိုင်ငံတော် စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်မှု၊ ပြည်သူတွေအကြား အမုန်းပွားအောင် လုပ်ဆောင်မှု ပုဒ်မတွေ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
ဗီနော့သ်ဟာ နိုင်ငံမြောက်ပိုင်း ကလန်တန်းပြည်နယ်က ဗလီတစ်လုံးမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ဟိန္ဒူဘာသာကို စော်ကားပြုဆိုမှုတွေ လုပ်ခဲ့ပြီး အဲဒီဗီဒီယိုကို Kelantan Sunnah Info ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက YouTube မှာ လွှင့်တင်ခဲ့ပါတယ်။
“တနင်္လာနေ့မနက်ပိုင်းအထိ တိုင်ကြားမှုပေါင်း ၈၆၇ ခု ရရှိခဲ့ပါတယ်။ တိုင်ကြားမှုတွေ ဒီထက်ပိုများလာဖို့လည်း ရှိနေပါတယ်” လို့ ရဲချုပ်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref: The Star