ဧပြီ ၂၉၊ ၂၀၁၉
M-Media

– ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ မရှိမှာကို စိုးရိမ်တယ်လို့ သီရိလင်္ကာ ခရစ်ယာန်ကက်သလစ်အသင်းတော်အကြီးအကဲ ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ပြောကြားလိုက်ပါတယ်။
ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သီရိလင်္ကာအစိုးရက တိုက်ခိုက်မှုတွေကို ပြည်တွင်းက လူသိပ်မသိတဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့ ၂ ခုဖြစ်တဲ့ National Thawheedh Jamaath (NTJ ) နဲ့ Jammiyathul Millathu Ibrahim တို့က ပူးပေါင်းလုပ်ဆောင်တာလို့ ထုတ်ပြန်ထားပါတယ်။
IS အကြမ်းဖက်အဖွဲ့ကလည်း ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းကို သီရိလင်္ကာအာဏာပိုင်တွေက အတိအကျရခဲ့ပေမယ့် ထိထိရောက်ရောက် ဟန့်တားမှု မရှိတဲ့အတွက် ဝေဖန်မှုတွေကိုလည်း ရှိနေပါတယ်။
တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး သံသယရှိသူတွေ၊ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ သံသယရှိသူတွေကို သီရိလင်္ကာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပေမယ့် ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ဒီလို စုံစမ်းစစ်မှုတွေဟာ ဘာရလဒ်မှ ထွက်မလာဘဲနဲ့ အဆုံးသတ်သွားမှာကို စိုးရိမ်မိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေမှာ လက်သည်မပေါ်တာကိုလည်း ကာဒီနယ်က ထောက်ပြခဲ့ပါတယ်။
“အာဏာပိုင်တွေဟာ စကားလုံးတွေနဲ့နှစ်သိမ့်ပြီး ထိထိရောက်ရောက် ဘာမှလုပ်ဆောင်တာ မဟုတ်ဘူးဆိုတဲ့ ထင်မြင်ယူဆမှုတွေ ပြည်သူတွေမှာ ရှိနေပါတယ်။ တကယ်လို့သာ အာဏာပိုင်တွေဖက်က စိတ်စေတနာမှန်မယ်ဆိုရင် သေသေချာချာ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်”
အစ္စလာမ့်မစ်အစွန်းရောက်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေနေ့ ဒါမှမဟုတ် တနင်္လာနေ့တွေမှာ စစ်သားယူနီဖောင်းတွေဝတ်ပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်လာနိုင်တယ်လို့ သီရိလင်္ကာအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေ ဖြစ်မလာပါဘူး။
ကာဒီနယ် မဲလ်ကွန် ရန်ဂျစ်က ခရစ်ယာန်ဘုရားကျောင်းတွေကို အစိုးရက လုံခြုံရေး လုံလုံလောက်လောက် မပေးဘူးလို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
“လုံခြုံရေး စီစဉ်ပေးတဲ့ကိစ္စတွေကိုလည်း သဘောမကျပါဘူး။ ဘုန်းကြီးတို့ရဲ့ လုံခြုံရေးကို သေသေချာချာ လုပ်ဆောင်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းလိုပါတယ်”
Ref : Reuters