မေ ၃၁၊ ၂၀၁၉
M-Media

-ရခိုင်ပြည်နယ်အတွင်း တင်းမာမှု လျှော့ချရေးနဲ့ လူ့အဖွဲ့အစည်းတွေ အကျိုးဖြစ်ထွန်းရေး စီမံကိန်းတစ်ချို့ကို ပူးပေါင်းဆောင်ရွက်သွားဖို့ အာဆီယံအဖွဲ့နဲ့ မြန်မာအစိုးရအကြား သဘောတူညီခဲ့ကြတယ်လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း UEHRD က ပြောပါတယ်။
အာဆီယံအဖွဲ့က အကြီးတန်းအရာရှိတွေ၊ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့က ၀န်ကြီးတွေဟာ အခုတစ်ပတ် အစောပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေကို ချက်ချင်းလက်င်း အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတွေ ဖော်ဆောင်ရေး၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေဖို့ မြန်မာနိုင်ငံအခြေစိုက် အာဆီယံ အရေးပေါ်အခြေအနေ တုန့်ပြန်ရေးနဲ့ သုံးသပ်ရေးအဖွဲ့အတွက် စွမ်းရည်မြှင့်အစီအစဉ်တွေ ဆောင်ရွက်ပေးရေး နှစ်ဖက် သဘောတူခဲ့ကြပါတယ်။
UEHRD ဥက္ကဌရဲ့ အကြံပေး ဦးတိုးအောင်က မြေပြင်အခြေအနေပေါ် မူတည်ပြီး စီမံကိန်တွေကို အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ကနဦးလေ့လာသုံးသပ်မှု၊ အသေးစိတ် လေ့လာသုံးသပ်မှုဆိုင်ရာ အကြံပြုချက်တွေကိုလည်း အာဆီယံနဲ့ မြန်မာတို့ ဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံ အတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။
Ref: mmtimes
(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
Comments