ဇွန် ၁၅၊ ၂၀၁၉
M-Media

-Boeing 747 လေယာဉ် ပါဝင်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး ရေအာက်အပန်းဖြေစခန်းဖြစ်လာမယ့် နေရာတစ်ခုကို လာမယ့် သြဂုတ်လမှာ ဖွင့်လှစ်တော့မယ်လို့ ဘာရိန်းနိုင်ငံက ကြေငြာလိုက်ပါတယ်။
အဲဒီ ရေအောက်အပန်းဖြေစခန်းဟာ နိုင်ငံအနောက်မြောက်ပိုင်း ကျွန်းစုမြို့တော် ဒီယာအလ်မူဟာရက်မှာ တည်ရှိမှာပါ။ ဒီယာအလ်မူဟာရက် မြို့ကို လူလုပ်ကျွန်း ၇ ခုနဲ့ ဖွဲ့စည်းထားပြီး လက်ရှိ ခရီးသွားနေရာတစ်ခု ဖြစ်နေပါတယ်။ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားပြီး နိုင်ငံရဲ့ ခရီးသွားဝင်ငွေ တိုးတက်စေဖို့ ရည်ရွယ်ကာ ရေအောက် အပန်းဖြေစခန်း စီမံကိန်းကို ဖော်ဆောင်တာ ဖြစ်ပါတယ်။
အပန်းဖြေစခန်းရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၁ သိန်း ရှိပြီး၊ အဲဒီမှာပါဝင်မယ့် မီတာ ၇၀ ရှည် Boeing 747 လေယာဉ်ကြီးကတော့ ကမ္ဘ္ဘာပေါ်မှာ ရေအောက်မြှုပ်ထားတဲ့ အကြီးဆုံး လေယာဉ်အဖြစ် မှတ်တမ်းဝင်မယ်လို့ ဘာရိန်း ခရီးသွားလာရေးဝန်ကြီး ဇာယစ် ဘင် ရာရှစ် အလ် ဇာယာနီက ပြောကြားခဲ့ပါတယ်။
ဘာရိန်းရဲ့ နာမည်ကျော် ပုလဲရောင်းဝယ်ရေးစင်တာ ပုံတူလည်း အဲဒီရေအောက် အပန်းဖြေစခန်းမှာ ပါဝင်သလို၊ လူလုပ်သန္တာကျောက်တန်း၊ အနုပညာလက်ရာတွေကိုလည်း ဖန်တီးထည့်သွင်းထားပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လကနေစပြီး ခရီးသွားတွေဟာ အပန်းဖြေစခန်းကို လာရောက်ဖို့ ဘိုကင်လုပ်နိုင်မယ်လို့လည်း ၀န်ကြီး အလ် ဇယာနီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဒီလိုစီမံကိန်းကြီးတစ်ခုကို ဖော်ဆောင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်”
ရေအောက်အပန်းဖြေစခန်း စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စံနှုန်းတွေနဲ့အညီ ဖော်ဆောင်ထားပြီး ရေနေသတ္တဝါတွေ ရှင်သန်ကြီးထွားရေး၊ ဇီဝစနစ် ကောင်းမွန်ရေးတွေကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ဘာရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အခု ရေအောက်အပန်းဖြေစခန်းမှာ နှစ်မြှုပ်ထားတဲ့ Boeing 747 လေယာဉ်ကို ကြာရှည်ခံအောင် အထူး ပြင်ဆင်မွမ်းမံထားပြီး ခရီးသွားတွေဟာ လေယာဉ်အတွင်းပိုင်းအထိ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ရေအောက် မြင်ကွင်းတွေကို ပြသကာ ခရီးသွားတွေကို စွဲဆောင်တဲ့ လုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းကစလို ကြီးထွားလာခဲ့ပြီး မော်လ်ဒိုက်နိုင်ငံက ရေအောက်ဟိုတယ်၊ အမေရိကန်နိုင်ငံက ရေအောက် ပြတိုက်တွေက နာမည်ကျော်ပါတယ်။
တူရကီကလည်း သန္တရာကျောက်တန်းအတု ဖန်တီးဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်က Airbus လေယာဉ်တစ်စီးကို အေဂျီယံ ကမ်းရိုးတန်းမှာ နှစ်မြုပ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ နိုင်ငံ အနောက်မြောက်ပိုင်း ဂါလီပိုလီ ကျွန်းဆွယ်မှာ Airbus လေယာဉ်တစ်စီးကို တူရကီက ထပ်မံနှစ်မြှုပ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရေငုပ်ဝါသနာပါသူတွေကို စွဲဆောင်ဖို့ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ပါရှန်ပင်လယ်ကွေ့မှာတည်ရှိတဲ့ ဘာရိန်းနိုင်ငံဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး လူဦးရေ ၁ သန်းကျော်သာ တည်ရှိတဲ့ ဘုရင့်နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အရင်က ကမ္ဘ္ဘာမှာ နာမည်ကျော်ပုလဲတွေ ထွက်ရှိရာဒေသဖြစ်သလို၊ အခုအချိန်မှာတော့ ရေနံကြွယ်ဝကာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။
Ref: CNN
Comments