ဇူလိုင် ၃၊ ၂၀၁၉
M-Media

-ရေအောက် သုတေတသန လုပ်ဆောင်နေတဲ့ ရုရှား ရေငုပ်သင်္ဘောမှာ တနင်္လာနေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ရေတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဗလာဒီမီရ် ပူတင်က စစ်သားတွေ သေဆုံးရမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး၊ ကျန်ရစ်သူတွေအတွက် ၀မ်းနည်းကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့လည်း ပူတင်က အမိန့်ပေးခဲ့ပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီ ရေငုပ်သင်္ဘောဟာ သမုဒ္ဒရာအောက်က အဏ္ဏဝါဗေဒကို လေ့လာနေတဲ့ ရေတပ် သုတေသနသင်္ဘောတစ်စင်းဖြစ်ကြောင်း၊ မီးလောင်မှုကနေထွက်တဲ့ မီးခိုးကြောင့် သင်္ဘောသားတွေ အသက်ရှုကြပ် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
မီးငြှိမ်းနိုင်ခဲ့ပြီးတဲ့နောက် ရေငုပ်သင်္ဘောကို နိုင်ငံမြောက်ပိုင်း ရေတပ်စခန်းမှာ ဒေါက်တင်ထားတယ်လို့ ဆိုပါတယ်။
ရေငုပ်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံး AS-12 အမျိုးအစားဖြစ်တယ်လို့ ရုရှားမီဒီယာ RBC က ဖော်ပြခဲ့ပါတယ်။ နော်ဝေအာဏာပိုင်တွေက ရေငုပ်သင်္ဘောအတွင်း ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးလောင်ခဲ့တာဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေကနေတစ်ဆင့် သိရတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ AS-12 ရေငုပ်သင်္ဘောကို ထောက်လှမ်းရေးသင်္ဘောလို့ အနောက်ကမ္ဘ္ဘာက သိကြပြီး စစ်ပွဲဖြစ်တဲ့အခါမျိုးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်း အားလုံးကို ဖြတ်တောက်နိုင်တဲ့အထိ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီရေငုပ်သင်္ဘောရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်မှု ပမာဏကို တိတိကျကျ မသိရပါဘူး။
ရုရှားမှာ အဆိုးဝါးဆုံး ရေငုပ်သင်္ဘော မတော်တဆမှုဟာ ၂၀၀၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ Kursk လို့ခေါ်တဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်ရေအောက်ကြမ်းပြင်မှာ ပေါက်ကွဲမှု ၂ ခုဖြစ်ပွားကာ နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments