ဇူလိုင် ၄၊ ၂၀၁၉
M-Media

-အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး ပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ ချယ်ဆီးအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
ချယ်ဆီးနည်းပြ မောင်ရီဇီယို ဆာရီဟာ ယူရိုဖလား ဗိုလ်စွဲပြီးနောက်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့ပြီး လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ဆာရီဟာ ချယ်ဆီးမှာ တစ်နှစ်သာ ကြာမြင့်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို များများစားစား မရခဲ့ပါဘူး။
“ချယ်ဆီးအသင်းကို နည်းပြချုပ်အဖြစ် ပြန်လာခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ အသင်းကို ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အသင်းနဲ့လည်း ကျွန်တော်ဟာ သမိုင်းတွေ ရေးထိုးခဲ့ဖူးပါတယ်။ ဒါ့ပေမယ့် လက်ရှိ ကျွန်တော့်တာဝန်ကို အဓိက အာရုံစိုက်မှာဖြစ်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်သွားပါမယ်” လို့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ နည်းပြဘ၀ကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ မနှစ်က စတင်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရေး ရှုံးထွက်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲရောက်မှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ်က ချယ်ဆီးအသင်းအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကာ အောင်မြင်မှုရအောင် စွမ်းဆောင်သွားမှာဖြစ်ပြီး၊ ရာသီသစ်စတင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments