ဇူလိုင် ၅၊ ၂၀၁၉
M-Media

-ငွေကြေးတောင်းရမ်းခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် လုပ်ဆောင်နေတဲ့ ဂိုဏ်းတစ်ခုကို နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သြစတေးလျ အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အသက် ၆၅ နှစ်ကနေ ၇၂ အကြား ရှိကြတဲ့ အဲဒီ လူ ၇ ဦးဟာ အလည်အပတ် ဗီဇာနဲ့ သြစတေးလျနိုင်ငံထဲကို ၀င်ရောက်လာတာဖြစ်ပြီး မဲလ်ဘုန်းမြို့လယ်ကောင်မှာ ငွေကြေးတောင်းရမ်းတဲ့အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြေမဲ့လို့ပြောပေမယ့် သူတို့တွေမှာ နေထိုင်စရာအိမ်တွေ ရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
“မဲလ်ဘုန်း မြို့သူမြို့သားတွေရဲ့ သနားကြင်နာမှုကနေ ငွေရှာဖို့ သူတို့ တိုင်းပြည်ထဲ ရောက်လာကြတာပါ။ ကျွန်တော်တို့ ရက်ရောပေမယ့် ဒီလိုလုပ်ရပ်မျိုးကိုတော့ သည်းမခံပါဘူး” လို့ မဲလ်ဘုန်းမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန် တရာဗဂ်လီနီက ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးမှုအတွင်း ငွေသား သြဇီဒေါ်လာ ၁၀၀၀ (ကန်ဒေါ်လာ ၇၀၀)၊ သြဇီဒေါ်လာကို တရုတ်ငွေလဲထားတဲ့ ဖြတ်ပိုင်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ သြစတေးလျနိုင်ငံရဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ပရော်ဖက်ရှင်နယ် ငွေကြေးတောင်းရမ်းမှုဟာ ရာဇ၀တ်မှုမြောက်ပါတယ်။ ဖမ်းဆီးမှုတွေကို ရဲတပ်ဖွဲ့နဲ့ ကယ်တင်ခြင်းတပ် Salvation Army တို့ ပူးပေါင်းကာ တနင်္လာ၊ အင်္ဂါနေ့တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြေးတောင်းရမ်းသူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လက အွန်လိုင်းမှာ
ပြန့်နှံ့သွားပြီးတဲ့နောက် မဲလ်ဘုန်းမြို့မှာ ပရော်ဖက်ရှင်နယ် သူဖုန်းစားဂိုဏ်းတွေ ရှိနေမှုကို လူတွေက အာရုံစိုက်လာကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးတဲ့အထိ ဖြစ်လာတာ ဖြစ်ပါတယ်။
ကယ်တင်ခြင်းတပ်က ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ပရော်ဖက်ရှင်နယ် သူဖုန်းစားတစ်ယောက်ဟာ ပျမ်းမျှ တစ်နေ့ကို သြဇီဒေါ်လာ ၄၀၀ လောက် ၀င်ငွေရှိပြီး ဒါဟာ သာမန်အလုပ်သမားတစ်ယောက်ရဲ့ ၆ ရက်လုပ်ခနဲ့ ညီမျှပါတယ်။
Ref: CNA
Comments