ဇူလိုင် ၁၁၊ ၂၀၁၉
M-Media
-ဘော့စနီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ Srebrenica လူမျိုးတုန်း သတ်ဖြတ်မှုဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ၂၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
Srebrenica သတ်ဖြတ်မှုဟာ နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ Holocaust နောက်ပိုင်း ဥရောပမြေပေါ်က အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ် မှတ်တမ်းဝင်ပါတယ်။
၁၉၉၅ ခုနှစ် ဇူလိုင်လမှာ ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဆရီဘရီနီကာ ကမ်းမြှောင်လေးမှာ ဘော့စနီယက်လူမျိုး အစ္စလာမ်ဘာသာဝင် အမျိုးသားနဲ့ လူငယ် စုစုပေါင်း ၈ ထောင်ကျော်ကို စနစ်တကျ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆရီဘရီနီကာ ကမ်းမြှောင်ဟာ ကုလသမဂ္ဂရဲ့ စောင့်ရှောက်မှုလက်အောက်မှာ ရှိနေခဲ့တာပါ။
ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ချက်ခြင်း ကောက်ကာငင်ကာ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ စနစ်တကျ အမုန်းဝါဒဖြန့်မှု၊ ကြိုတင်စီစဉ်မှုတွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာပညာရှင် ဂရီဂိုရီ အိခ်ျ စတန်တန်က လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကို လူတစ်စုက ကျူးလွန်လို့ ရတာမျိုး မဟုတ်ဘဲ လူအများအပြား ပါဝင်ပတ်သက်ရပြီး၊ အစိုးရရဲ့ အားပေးထောက်ခံမှုလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ‘အဆင့် ၁၀ ဆင့်’ ကို ဖြတ်သန်းပြီးမှ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားတာဖြစ်ကာ၊ အဲဒီအဆင့်တစ်ခုချင်းစီတိုင်းကိုလည်း အချိန်မီ တားဆီးနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဘော့စနီးယား-သြစတေးလျ မနုဿဗေဒပညာရှင် ဟာရစ် ဟာလီလိုဗစ်က စတန်တန်ရဲ့ အဆင့် ၁၀ ဆင့်မှာ တစ်ဆင့်ထပ်တိုးပြီး ‘အောင်ပွဲခံမှု’ လို့ သတ်မှတ်ပေးခဲ့ပါတယ်။
အဆင့် (၁) (၂) (၃) – ခွဲထုတ်ခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း
ဘော့စနီးယား၊ ကိုဆိုဗို၊ ခရိုအေးရှား၊ မွန်တီနီဂရိုးနဲ့ ပတ်ဝန်းကျင်က အခြားနိုင်ငံတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ‘ဂရိတ်တားဆားဘီးယား’ နိုင်ငံ ထူထောင်ရေး အယူအဆတစ်ခုဟာ ၁၉ ရာစုမှာ ခေတ်စားခဲ့ပြီး၊ ယူဂိုဆလပ်ခေါင်းဆောင် ဂျိုဆစ် ဘရို့ဇ်တီတိုး ၁၉၈၀ ပြည့်နှစ်မှာ သေဆုံးပြီးနောက်ပိုင်း ဆာ့ဘ်လူမျိုးတွေကြားထဲမှာ ဒီအယူအဆဟာ ပြန်လည် ရှင်သန်လာခဲ့ပါတယ်။
ဆားဘီးယားသမ္မတ ဆလိုဘိုဒန် မီလိုဆီဗစ်နဲ့ ဆားဘီးယား အမျိုးသားရေးဝါဒီတွေက ကွန်မြူနစ်သြဇာ ကျဆင်းသွားမှုကို အခွင့်ကောင်းယူကာ အမျိုးသားနိုင်ငံ ထူထောင်ရေး လူထုကို စည်းရုံး လှုံ့ဆော်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၉၈၉ ခုနှစ် ဘဲလ်ဂရိတ်မှာ မီလိုဆီဗစ်ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ထင်ရှားပါတယ်။ မိမိဟာ ‘ဆာ့ဘ်တွေနဲ့ ဥရောပကို ကယ်တင်မယ့်သူ’ ဖြစ်တယ်လို့ မီလိုဆီဗစ်က ပြောကြားခဲ့ပြီး ‘ငါတို့နဲ့ သူတို့’ ဆိုတဲ့ အယူဆအကိုလည်း ရိုက်သွင်းခဲ့ပါတယ်။
ဘော့စနီယက်တွေကိုတော့ တာ့ခ်တွေ၊ အကြမ်းဖက်တွေ၊ အစွန်းရောက် အစ္စလာမ့်မစ်တွေလို့ တံဆိပ်ကပ်ခဲ့သလို၊ နှိမ့်ချတဲ့ Balije ဆိုတဲ့ စကားလုံးကိုလည်း တွင်တွင်သုံးခဲ့ပါတယ်။
အဆင့် (၄) – နှိမ့်ချခြင်း
ဆာ့ဘ်လူမျိုး တော်တော်များများဟာ ဘော့စနီယက်တွေကို နှိမ့်ချပြောဆိုမှုတွေ လုပ်ခဲ့ကြပြီး ‘ဆာ့ဘ်အမျိုးသားနိုင်ငံတော်’ စီမံကိန်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပုံဖော်ခဲ့ကြပါတယ်။
‘ဆာရာယေဗို တက္ကသိုလ်’ က ပရော်ဖက်ဆာ ဖစ်ကရက် ကာစစ်က မွတ်စလင်တွေအပေါ် လူထုက မကောင်းမြင်လာအောင် လုပ်ဆောင်ဖို့နဲ့၊ ရှေ့ဆက်လုပ်ဆောင်မယ့် သူတို့ရဲ့ လုပ်ငန်းတွေ တရားတယ်လို့ အနောက်နိုင်ငံတွေ မြင်လာအောင် ဆောင်ရွက်ဖို့ ဆာ့ဘ်ခေါင်းဆောင်ပိုင်းဟာ အစ္စလာမ်သာသနာကို ‘အာဏာရှင်ဝါဒ၊ အကြမ်းဖက်ဝါဒ၊ ဥရောပနဲ့ မအပ်စပ်တဲ့ စနစ်’ စသဖြင့် ပုံဖော်ခဲ့ကြတယ်လို့ သူ့ရဲ့ Distorted Images of Islam : the case of former Yugoslavia (ယူဂိုဆလားဗီးယားက ပုံဖျက်ခံခဲ့ရသည့် အစ္စလာမ်သာသနာ) ဆိုတဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။
“ဆားဘီးယားက ထင်ရှားတဲ့ အရှေ့တိုင်းပညာရှင်တစ်ချို့၊ အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်နဲ့ တစ်ချို့သမိုင်းပညာရှင်တွက ဒီလိုပုံဖျက်မှုကို ပံ့ပိုးကူညီပေးခဲ့ကြပါတယ်” လို့ ကာစစ်က ထည့်သွင်း ရေးသားခဲ့ပါတယ်။
အဆင့် (၅) – အဖွဲ့ဖွဲ့ခြင်း
ဘော့စနီးယားကို ဖျက်ဆီးဖို့နဲ့ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ အစီအစဉ်ကို ယူဂိုဆလားဗီးယား ပြည့်သူ့တပ်မတော်ရဲ့ စစ်ဦးစီးချုပ်က ၁၉၈၀ ပြည့်နှစ်တွေမှာ စတင် ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆာ့ဘ် စစ်ရာဇ၀တ်ကောင် ရာဒိုဗန် ကာရဒ်ဇစ်နဲ့အတူ SDS ပါတီကို ထူထောင်ခဲ့သူ ဗလာဒီမီရန် ဆရဘ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။
အဲဒီ စီမံကိန်းကို RAM လို့ အမည်ပေးထားပြီး ဘော့စနီးယားကို ဂရိတ်တား ဆားဘီးယားနဲ့ ဂရိတ်တား ခရိုအေးရှားဒေသတွေမှာ သွတ်သွင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ခရိုအေးရှားနဲ့ ဘော့စနီးယားဒေသတွေက မဟာဗျူဟာကျတဲ့ ဒေသတွေမှာ လက်နက်ကြီးတွေ၊ လက်နက်ခဲယမ်းတွေ သိုလှောင် သိမ်းဆည်းထားတာ၊ ဒေသခံ ဆာ့ဘ်လူမျိုးတွေကို လက်နက်တပ်ဆင် သင်တန်ပေးကာ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးရေး ဆောင်ရွက်မယ့်
လျှို့ဝှက် ရဲတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတာတွေ အဲဒီအစီအစဉ်မှာ ပါဝင်ပါတယ်။
ဘော့စနီယက် လူ့အဖွဲ့အစည်းမှာ ကြောက်ရွံ့သွေးပျက်မှုတွေ ဖြစ်လာစေဖို့ ဆောင်ရွက်ရာမှာ
အထိရောက်ဆုံးနည်းလမ်းက အမျိုးသမီးတွေ၊ အရွယ်မရောက်သေးသူတွေနဲ့ ကလေးငယ်တွေကို အဓမ္မကျင့်တာဖြစ်တယ်လို့ လမ်းညွှန်ရေးသားထားတဲ့ စာရွက်စာတမ်းတစ်ခုကိုလည်း သမိုင်းပညာရှင်တွေက တွေ့ခဲ့ရပါတယ်။ ဒီစာတွေကို စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲ ကျွမ်းကျင်သူတွေအပါအ၀င် စစ်တပ်ရဲ့ အထူးအဖွဲ့တွေက ရေးသား ညွှန်ကြားတာ ဖြစ်ပါတယ်။
အဆင့် (၆) – ဖယ်ကျဉ်ခြင်း
ဆားဘီးယားနဲ့ ဘော့စနီးယားက ဆာ့ဘ်မီဒီယာတွေဟာ ထိခိုက်ခံစားရသူတွေကို နှိမ့်ချဖို့နဲ့ စစ်ဆန့်ကျင်ရေးသမားတွေကို ဖယ်ထုတ်ဖို့အတွက် ဝါဒဖြန့်အစီအစဉ်တွေကို ပုံမှန်လိုလို ထုတ်လွှင့်လေ့ရှိပါတယ်။
ဆာ့ဘ်တပ်ဖွဲ့တွေ ဆာရာယေဗိုကို ပိတ်ဆို့ထားစဉ်ကဆိုရင် ဆားဘီးယားနိုင်ငံပိုင် Belgrade TV က မွတ်စလင်တွေအပေါ် မုန်းတီးလာစေမယ့် လုပ်ကြံဇာတ်လမ်းတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။
“ကမ္ဘ္ဘာ့ညှင်းပမ်းနှိပ်စက်မှု သမိုင်းမှာ မွတ်စလင်အစွန်းရောက်တွေရဲ့ လုပ်ရပ်ဟာ အဆိုးဝါးဆုံး ဖြစ်နေပါပြီ။ မနေ့ညကဆိုရင် မြို့ထဲက တိရစ္ဆာန်ရုံမှာ ဆာ့ဘ်ကလေးငယ်တွေကို ခြင်္သေ့စာ ကျွေးလိုက်ကြပြီ”
အဲဒီလိုသတင်းမျိုးကို လူသန်းချီကြည့်တဲ့ ညနေပိုင်း သတင်းအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
အဆင့် (၇) – ပြင်ဆင်ခြင်း
၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ် တစ်လျှောက်လုံးမှာ ဘော့စနီးယားမှာရှိတဲ့ ဆာ့ဘ်လူမျိုးတွေကို လက်နက်မျိုးစုံ ဝေငှခဲ့ကြပြီး ဒီစီမံကိန်းကို ဆားဘီးယားအစိုးရက စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် ကုလရဲ့ အစီရင်ခံစာမှာ “ဆားဘီးယာတပ်ဖွဲ့ဝင်တွေကို လက်နက်တွေ ပေးပို့ရာမှာ စစ်ဖက်ရဟတ်ယာဉ်ကိုပါ အသုံးပြုခဲ့ပါတယ်။ အော်တိုသေနတ်တစ်လက်မှ မရှိတဲ့ ဆာ့ဘ်အိမ်ဆိုတာ မရှိဘူးဆိုတဲ့ ပြောစမတ်တောင် တွင်ခဲ့ပါတယ်။ ဒီလို စစ်လက်နက် ဖြည့်တင်းမှုတွေ၊ ဖြန့်ဝေမှုတွေကို ‘ပြည်သူ့ရန်သူ မွတ်စလင်အစွန်းရောက်တွေရဲ့ရန်ကို ကာကွယ်ရေး’ ဆိုတဲ့ ခေါင်းစဉ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
အဆင့် (၈) – ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ခြင်း
ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားတစ်ဝှမ်းက သြဇာရှိတဲ့သူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို အမည်စာရင်းပြုစုပြီး အရင်ဆုံး သတ်ဖြတ်ခဲ့ပါတယ်။
မြို့တိုင်းမှာ ဆာ့ဘ်မဟုတ်သူတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို ဆာ့ဘ်တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့ပြီး ဘော့စနီယက်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း မတရား သိမ်းဆည်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း ဘော့စနီယက်နဲ့ ခရိုအက်လူမျိုး အမျိုးသမီး၊ မိန်းကလေးနဲ့ ကလေးငယ်လေးတွေ စုစုပေါင်း ၅ သောင်းထက်မနည်း အဓမ္မပြုကျင့် ခံခဲ့ရပါတယ်။
ဘော့စနီးယား အနောက်ဖက်ခြမ်းက Prijedor ဘော့စနီယက်တွေကို ခွဲခြားဖို့လွယ်အောင် လက်ပတ်အဖြူတွေ ပတ်ခိုင်းခဲ့ပြီး သူတို့ရဲ့အိမ်တွေမှာလည်း အဖြူရောင်အလံတွေ ချိတ်ခိုင်းခဲ့ပါတယ်။
ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားတစ်ဝှမ်းလောက်က လူ ၂ သိန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးကာ ညှင်းပမ်းတာ၊ အစာအငတ်ထားတာနဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆာရာယေဗိုနဲ့ မိုစတာလိုမြို့တွေကို ပိတ်ဆို့ထားစဉ်မှာလည်း မြို့တွင်းကပြည်သူတွေ အစာငတ်အောင် လုပ်ခဲ့သလို စနိုက်ပါတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ကမ္ဘ္ဘာ့အကြီးဆုံး အကျဉ်းစခန်းကြီးလို့ နာမည်တွင်သွားခဲ့တဲ့ ဆရီဘရီနီကာကမ်းမြှောင်ကို ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေက ၃ နှစ်ကြာ ပိတ်ဆို့ပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လမှာ အပြီးသတ် သိမ်းယူခဲ့ပါတယ်။
အသက် ၁၂ နှစ်ကနေ ၇၇ နှစ်အကြား အမျိုးသားတွေကို ဆာ့ဘ်တပ်ဖွဲ့တွေက ခွဲထုတ်ကာ ကွင်းပြင်တွေ၊ ကျောင်းတွေနဲ့ စတိုခန်းတွေမှာ သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။
အဆင့် (၉) – မျိုးတုန်းအောင်သတ်ခြင်း
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဗိုလ်ချုပ် ရတ္တကို မလာဒစ် (လက်ရှိ စစ်ရာဇ၀တ်ကောင်) ဟာ ဆားဘီးယားက ပြည်သူ့စစ်အဖွဲ့တွေ၊ ဘော့စနီးယားက ဆာ့ဘ်တပ်ဖွဲ့တွေနဲ့အတူ ဆရီဘရီနီကာကို ၀င်ရောက်လာခဲ့ပြီး ဒီမြို့ဟာ ဆာ့ဘ်လူမျိုးတွေရဲ့မြို့ ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ မြို့ထဲကလမ်းတွေမှာ မလာဒစ် သွားလာလှုပ်ရှားနေမှုကို ဗီဒီယိုရိုက်ကာ ရုပ်သံတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။ မလာဒစ်က ‘တာ့ခ်တွေကို လက်စားချေမယ်’ လို့ လူသိရှင်ကြား ကြုံးဝါးခဲ့ပါတယ်။
ကြောက်ရွံ့နေတဲ့ ဘော့စနီးယားပြည်သူတွေဟာ အပေါ့စားလက်နက်တွေ တပ်ဆင်ထားပြီး အင်အား ၄၀၀ လောက်ရှိတဲ့ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ထံမှာ ခိုလှုံခဲ့ကြပေမယ့် ကုလတပ်ဖွဲ့တွေက သူတို့ကို ကာကွယ်မပေးနိုင်ပါဘူး။ ဆာ့ဘ်တပ်ဖွဲ့ဟာ အဲဒီအချိန်က ကမ္ဘ္ဘာ့ စတုတ္ထ အင်အားအကြီးဆုံးစစ်တပ် ဖြစ်ခဲ့တဲ့ ယူဂိုဆလပ်စစ်တပ်က စစ်လက်နက်တွေ တော်တော်များများရပြီး
အင့်အားတောင့်တင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ထောင်သောင်းချီတဲ့ ဘော့စနီးယက် အမျိုးသားတွေဟာ ဘော့စနီးယားစစ်တပ်က ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိဖို့အတွက် တောတွေ၊ တောင်တွေကိုဖြတ်ကာ ကီလိုမီတာ ၁၀၀ လောက် ခရီးနှင်ခဲ့ရပြီး ဒီလိုထွက်ပြေးမှုဟာ ‘မရဏခရီး’ လို့ အမည်တွင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ဆာ့ဘ်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေကို ခံခဲ့ရပြီး ထွက်ပြေးသူတွေရဲ့
၃ ပုံ ၁ ပုံလောက်သာ လွတ်မြောက်ခဲ့ကြပါတယ်။
ဆရီဘရီနီကာကို သိမ်းပိုက်ပြီးတဲ့နောက် ၆ ရက်အတွင်း ဘော့စနီယက်အမျိုးသား ၈ ထောင်ကျော်ကို ဆာ့ဘ်တပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြပြီး၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို မောင်းထုတ်ခဲ့ကြပါတယ်။
အဆင့် (၁၀) – ငြင်းဆန်မှု
သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဆာ့ဘ်တပ်ဖွဲ့တွေဟာ အလောင်းတွေကို ထရပ်ကားတွေနဲ့သယ်ဆောင်ကာ နေရာအများအပြားမှာ ခွဲမြှုပ်ခဲ့ကြပါတယ်။ သေဆုံးသူတွေရဲ့အလောင်းတွေ ပြန့်ကျဲနေပြီး ဘယ်သူဘယ်ဝါမှန်း ခွဲခြားမသိနိုင်အောင် ဒီလို ဆောင်ရွက်တာ ဖြစ်ပါတယ်။
ဆရီဘရီနီကာကနေ ကီလိုမီတာ ၂၀ အထိဝေးတဲ့ ဒေသတွေအထိ ဆာ့ဘ်တပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ ရုပ်အလောင်း အစိတ်အပိုင်းတွေကို တွေ့နိုင်ပါတယ်။
၂၀၁၆ ခုနှစ် အလ်ဂျာဇီးရားသတင်းဌာနက ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုမှာ ဘော့စနီးယား-ဟာဇီဂိုဗီနာမှာရှိတဲ့ ဆာ့ဘ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Republika Srpska က ၆၆ ရာခိုင်နှုန်းသော ဆာ့ဘ်လူမျိုးတွေဟာ ဒီလူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်ခဲ့ဘူးလို့ ငြင်းဆိုတာကို တွေ့ရပါတယ်။
Republika Srpska ဒေသနဲ့ ဆားဘီးယားက ပညာရှင်တွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကလည်း ဒီလူမျိုးတုန်းသတ်ဖြတ်မှုကို တစ်စိုက်မတ်မတ် ငြင်းဆိုခဲ့ကြပါတယ်။
Republika Srpska ဒေသရဲ့ အကြီးအကဲဖြစ်ပြီး၊ ဘော့စနီးယား-ဟာဇီဂိုဗီနာက လက်ရှိသမ္မတ ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ ဆာ့ဘ်လူမျိုး မီလိုရဒ် ဒိုဒစ်၊ ဆားဘီးယားနိုင်ငံက ၀န်ကြီးချုပ် အေနာ ဘာနာဘစ်တို့ကလည်း ဒီသတ်ဖြတ်မှုကို ယတိပြတ်ငြင်းဆိုထားပါတယ်။
အဆင့် (၁၁) – အောင်ပွဲခံခြင်း
နိုင်ငံတကာခုံရုံးတွေက စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကာ အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဆာ့ဘ်ခေါင်းဆောင်တွေကို ဆာ့ဘ်လူမျိုးတွေက သူရဲကောင်းတွေအဖြစ် လေးစားဂုဏ်ပြုနေကြတာဟာလည်း လူမျိုးတုန်းသတ်ဖြတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။
၂၀၁၈ ခုနှစ်က ရောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ Republika Srpska က ဆာ့ဘ်လူမျိုး ၇၇ ရာခိုင်းနှုန်းဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူအပြစ်ပေးခံရတဲ့ စစ်ရာဇ၀တ်ကောင် ရာဒိုဗန် ကာရဒ်ဇစ်ကို သူရဲကောင်းတစ်ယောက်အဖြစ် မှတ်ယူနေတာကို တွေ့ခဲ့ရပါတယ်။
Ref: Aljazeera
(Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် What are the 10 stages of genocide? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments