ဇူလိုင် ၁၅၊ ၂၀၁၉
M-Media

-ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေကို စော်ကားရေးသားခဲ့တဲ့ Twitter က မှတ်ချက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။
သိပ်ကို တော်လွန်း၊ တတ်လွန်းနေတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေအနေနဲ့ မူရင်းနိုင်ငံကိုပြန်ကြဖို့ ထရမ့်က ရေးသားခဲ့တာဖြစ်ပြီး အမည်ဖော်ပြခဲ့ခြင်း မရှိပေမယ့် သူ့အစိုးရကို ဝေဖန်တဲ့ အလက်ဇန်ဒရီးယား အိုကာဆီယို ကော်တက်ဇ်၊ အီလ်ဟမ်အိုမာ၊ အေယန်နာ ပရက်စလေနဲ့
ရရှီဒါ တာလစ်ဘ်တို့ကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
ကော်တက်ဇ်ဟာ နယူးယောက်ကအမတ်ဖြစ်ပြီး၊ အီလ်ဟမ်အိုမာက မင်နီဆိုတာ၊ ပရက်စလေက မက်ဆာချူးဆက်၊ တာလစ်ဘ်က မီချီဂန်ကိုယ်စားပြု အမတ်တွေ ဖြစ်ပါတယ်။ ကော်တက်ဇ်ဟာ နယူးယောက်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ပေါ်တိုရီကိုအနွယ် ဖြစ်ပြီး၊ ပရက်စလေက မက်ဆာချူးဆက်မှာမွေးတဲ့ လူမည်းအမျိုးသမီးဖြစ်ပါတယ်။ ပါလက်စတိုင်းနွယ်ဖွား တာလစ်ဘ်က ဒီထရွိုက်မြို့မှာ မွေးဖွားခဲ့သူပါ။ အီလ်ဟမ် အိုမာက ဆိုမာလီနွယ်ဖွားဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ကင်ညာနိုင်ငံ ဒုက္ခသည်စခန်းမှာ ခိုလှုံကာ အသက် ၁၂ နှစ်အရွယ်မှာ အမေရိကန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“အစိုးရတွေ ဘ၀ပျက်နေပြီး၊ ခြစားမှု၊ ဖရိုဖရဲဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတွေကလာတဲ့ ဒီမိုကရက် အမျိုးသမီးအမတ်တွေ ‘တော်လွန်း တက်လွန်းနေတာကို’ တွေ့ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အင်အားအတောင့်တင်းဆုံး အမေရိကန်က ပြည်သူတွေကို အစိုးရက ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အော်ကျယ်အော်ကျယ်လုပ်နေတယ်။ ပျက်ဆီးနေတဲ့ ရာဇ၀တ်မှုထူပြောနေတဲ့ ခင်ဗျားတို့ရဲ့ မူရင်းတိုင်းပြည်ကို ပြန်ပြီး ဒါတွေကို မပြင်ဆင်ကြဘူးလား” လို့ Twitter စာမျက်နှာမှာ ထရမ့်က ရေးသားခဲ့တာပါ။
လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီက ထရမ့်ရဲ့ ဒီရေးသားမှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ထရမ့်ဟာ အမေရိကန်ကို လူဖြူတိုင်းပြည်အဖြစ် ဆောင်ရွက်ချင်နေတာလို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ်အမတ်တွေကလည်း ထရမ့်ကို ဝေဖန်ခဲ့ကြပါတယ်။
ထရမ့်ရဲ့ပေါ်လစီတွေကို ဝေဖန်လေ့ရှိပြီး မကြာခင်ကမှ ရီပက်ဘလစ်ကန်ပါတီကနေ နှုတ်ထွက်သွားခဲ့တဲ့ ဂျပ်စတင် အေမက်ရှ်က ထရမ့်ရဲ့ ဒီမှတ်ချက်ဟာ ‘စက်ဆုပ်စရာကောင်းတဲ့ လူမျိုးရေးခွဲခြားမှုစကား’ လို့ ပြောကြားခဲ့ပါတယ်။
အရင်က လူမျိုးရေးခွဲခြားမှုဝါဒ ထွန်းကားခဲ့တဲ့ အမေရိကန်မှာ လူဖြူတွေက လူမည်းတွေကို အာဖရိကပြန်လို့ ပြောကြားတာမျိုး ရှိခဲ့ဖူးပြီး ထရမ့်ရဲ့ အခုမှတ်ချက်က အဲဒီလိုပုံစံဖြစ်နေတယ်လို့ ဖေ၀န်မှုတွေလည်း ရှိလာပါတယ်။
“မင်းတို့လာတဲ့နိုင်ငံကိုပြန်ကြ – လို့ ပြောတဲ့ထုံးစံမျိုး အမေရိကန်မှာ ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ မကောင်းတဲ့ ထုံးစံဖြစ်ပြီး ဖယ်ရှားပစ်ရပါမယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ပြောင်းရွှေ့အခြေချတဲ့သူတွေနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။ ဒီလိုပြောဆိုမှုတွေ တိုင်းပြည်မှာ နှစ်ရာနဲ့ချီ ရှိခဲ့ပေမယ့် သမ္မတတစ်ယောက်ရဲ့ပါးစပ်က ထွက်မလာသင့်ပါဘူး” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။
သူဟာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ၀င်ပြိုင်မယ့် သမ္မတလောင်းလည်း ဖြစ်ပါတယ်။
ထရမ့်ဟာ အရင်တုန်းကလည်း လူမျိုးရေးခွဲခြားစော်ကားတဲ့စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။ သမ္မတဟောင်း ဘာရက်အိုဘားမားကို လူမျိုးရေးအရ ထိုးနှက်တိုက်ခိုက်ဖူးသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုမှာလည်း မက္ကဆီကန်တွေကို မုဒိမ်းကောင်တွေအဖြစ် ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အိမ်ဖြူတော်က ပြောင်းရွှေ့အခြေချမှုဆိုင်ရာ အစည်းအဝေးမှာ ထရမ့်က ဟေတီ၊ အလ်ဆာဗေဒိုးနဲ့ အခြား အာဖရိကနိုင်ငံတွေကို ‘ချီးထုပ်တိုင်းပြည်တွေ’ လို့ သမုတ်ခဲ့ပြီး ဒီနိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေ ဘာ့ကြောင့် အမေရိကန်ကို အုံလိုက်ကျင်းလိုက် ၀င်လာလဲဆိုတာ စဉ်းစားမရဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments