ဇူလိုင် ၁၇၊ ၂၀၁၉
M-Media

-နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးသွားခဲ့သူတွေရဲ့ မိသားစုဝင် ၂၀၀ ကို ဆော်ဒီဘုရင် ဆလ်မန်က ဟဂ်ျဘုရားဖူးခရီးစဉ် လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အချို့ကို အစိုးရစားရိတ်နဲ့ ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ဆောင်တဲ့ အစီအစဉ်ကို ဆော်ဒီအစိုးရက နှစ်စဉ် ဆောင်ရွက်နေပြီး ဆော်ဒီ အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနက တာဝန်ယူတာ ဖြစ်ပါတယ်။
ခရိုက်ချက်က အကြမ်းဖက်ခံ မိသားစုဝင်တွေကို ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ယူတာဟာ ဆော်ဒီရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်၊ ဘာသာတရားအားလုံးက တားမြစ်ထားတဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီထောက်ပံ့ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ အစ္စလာမ့်ရေးရာဝန်ကြီး အဘ်ဒူလ် လတစ်ဖ် ဘင် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က ပြောကြားခဲ့ပါတယ်။
မိသားစုဝင် ၂၀၀ ကို ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ယူရေးအတွက် နယူးဇီလန်က ဆော်ဒီသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကုန်ကျစားရိတ်အားလုံးကို ဆော်ဒီအစိုးရက တာဝန်ယူသွားမယ်လို့ ၀န်ကြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မတ်လအတွင်း ခရိုချက်မြို့က ဗလီနှစ်လုံးမှာ သောကြာနေ့ ဘုရားဝတ်ပြုနေစဉ် လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအ၀င် လူ ၅၀ လောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
Ref: Alarabiya
Comments