ဇူလိုင် ၂၁၊ ၂၀၁၉
M-Media
-တစ်ချိန်က ငှက်ဖျားရောဂါ ထူပြောခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားအကူအညီယူကာ ငှက်ဖျားတိုက်ဖျက်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မှုကို တစ်ခြားနိုင်ငံတွေက အတုယူရမယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ရက်အနည်းငယ်ကြာတဲ့သင်တန်းကို တက်ထားပြီး ဈေးသက်သာတဲ့ဆေးအပြည့်နဲ့ စေးမူဖော ငငှက်ဖျားတိုက်ဖျက်ရေး လုပ်ဆောင်ရာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးက သူမရဲ့ ရွာလေးဟာ ငှက်ဖျား လုံးဝကင်းစင်တဲ့အနေအထားကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ခြင်တွေပေါက်ဖွားရာ တောတောင်တွေ ဝိုင်းနေပြီး လူ ၆၀၀ လောက်နေထိုင်တဲ့ မိချောင်းလှောင်ကျေးရွာမှာ ၂၀၁၅ ခုနှစ်က ငှက်ဖျားဖြစ်နေတဲ့ လူ ၁၆ ယောက် သူ့မဆီကို လာရောက် ကုသခဲ့ကြပါတယ်။ အဲဒီတုန်းက ကျန်းမာရေးမှူးအဖြစ် သူမ တာဝန်ထမ်းဆောင်မှု သက်တမ်းဟာ တစ်နှစ်သာ ရှိပါသေးတယ်။
ကြက်ပေါင်စေးလက်အိပ်၊ သွေးဖောက်အပ်၊ တစ်ခါသုံး ငှက်ဖျားပိုးစမ်းသပ်ရေး ကိရိယာ အပြည့်အစုံနဲ့ သူမဟာ ပြီးခဲ့တဲ့နှစ်က လူ ၂၅၀ ကို ငှက်ဖျား ရှိ၊ မရှိ စမ်းသပ်ခဲ့ရာမှာတော့ တစ်ဦးမှာသာ ငှက်ဖျားရှိတာကို တွေ့ခဲ့ရပါတယ်။
သူမ ကျန်းမာရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်က သူမရဲ့ပတ်ဝန်းကျင်ဟာ ငှက်ဖျားရောဂါဆိုတာဘာလဲ၊ ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိမရှိကြပါဘူး။
“အခုဆိုရင် ရောဂါလက္ခဏာ တွေ့တာနဲ့ တစ်ခြား ဘယ်ကိုမှ မသွားဘဲ ကျွန်မဆီကို တန်းလာကြတာ” လို့ စေးမူဖောက ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး အကူအညီတွေ တရစပ်ဝင်လာတဲ့ ၂၀၁၁ ခုနှစ်ကစလို့ နိုင်ငံခြား အလှူရှင်နိုင်ငံတွေ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးကာ နိုင်ငံတစ်ဝှမ်း စေလွှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ထောင်ချီမှာ စေးမူဖောလည်း ပါဝင်ပါတယ်။
သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် လူထောင်သောင်းချီ အသက်ချမ်းသာရာ ရခဲ့ပြီး တစ်ချိန်က ငှက်ဖျားအဖြစ်အများဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ငှက်ဖျားတိုက်ဖျက်ရေးမှာ တစ်ခြားနိုင်ငံတွေက အတုယူရမယ့် ဦးဆောင်သူနိုင်ငံ ဖြစ်လာပါတော့တယ်။
၂၀၁၀ က မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက် ၄ ထာင်လောက် ရှိခဲ့တယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ငှက်ဖျားကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၀ ကျော်သာ ရှိပါတော့တယ်။
ငှက်ဖျားရောဂါကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဒေါက်တာ ပက်ထရီစီယာ ဂရေ့ဗ်က ၂၀၃၀ ခုနှစ်ရောက်ရင် ငှက်ဖျား လုံးဝကင်းတဲ့နိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျေးရွာအခြေပြု ကျန်းမာရေး လုပ်သားတွေရဲ့ အားထုတ်မှုနဲ့ ရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ “အခြားတိုင်းပြည်တွေက အတုယူရမယ့် အထင်ကရ ကိစ္စတစ်ခု ဖြစ်တယ်” လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းတွေကို လေ့လာဖို့ ပက်ထရီစီယာဟာ ပြီးခဲ့တဲ့နှစ်က အကြံပေးတစ်ဦးအဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ ငှက်ဖျားကြောင့် သေဆုံးမှုအရေအတွက် သိသိသာသာ လျော့ကျခြင်းရဲ့ အဓိကအကြောင်းအရင်းက ခြင်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကို ဝေငှပေးတာဖြစ်တယ်လို့ သူမက ပြောပါတယ်။
ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါပိုးကြောင့် ဒီလို တိုးတက်မှု မရှိမှာကို တစ်ချို့တွေက စိုးရိမ်နေကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သတ်မှတ်ထားတဲ့ ရွာတွေမှာ ရောဂါလက္ခဏာ ပြပြ၊ မပြပြ ရွာသားအားလုံးကို ကုသပေးခြင်းအားဖြင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ကနဦး စမ်းသပ်မှု ပြုလုပ်ခဲ့ရာမှာတော့ ရွာပေါင်း ၅၀ မှာ ငှက်ဖျားရောဂါ သိသိသာသာ လျော့ကျသွားတာ၊ လုံးဝကင်းစင်သွားတာကို တွေ့ခဲ့ရပါတယ်။
ဂရေ့ဗ်က ငှက်ဖျားဖြစ်ပွားမှုနှုန်း သုညအထိ ရောက်သွားပေမယ့် ဆက်လက် စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
“လုံးဝကင်းစင်ဖို့ ဆောင်ရွက်နေတဲ့အတွက် ရောဂါကို မြန်မြန်ဆန်ဆန် အမြစ်ဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော ဒီရောဂါက အမြန် ပြန်ဖြစ်လာတတ်လို့ပါ”
အမေရိကန် USAid အဖွဲ့က ထောက်ပံ့မှုနဲ့အတူ မြန်မာနိုင်ငံမှာ ငှက်ဖျားကင်းစင်ရေး ဆောင်ရွက်နေတဲ့အဖွဲ့က University Research Co (URC) ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက URC ရဲ့ စီမံကိန်းမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘိုဘိုသက်က ငှက်ဖျားရောဂါ ကင်းစင်မယ့်အခြေအနေ နီးကပ်လာခဲ့ပေမယ့် ပြဿနာ ၂ ခု ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
“တစ်ခုက ငှက်ဖျားရောဂါအကြောင်း လူထုရဲ့သိရှိမှု အားနည်းနေတာပါ။ ဒါ့ကြောင့် ဖျားပြီဆိုတာနဲ့ ငှက်ဖျားရောဂါ စစ်တာမျိုး မလုပ်ကြဘူး။ နောက်တစ်ခုက ငှက်ဖျားရောဂါဖြစ်ပွားမှု ကျဆင်းလာတာနဲ့အမျှ ငှက်ဖျားရောဂါကို ခုခံနိုင်စွမ်းလည်း လူတွေမှာ လျော့ကျလာတာပါ။ ဒါ့ကြောင့် ငှက်ဖျား အလွယ်တကူ ကူးစက်ဖြစ်ပွားနိုင်ပါတယ်”
ငှက်ဖျားရောဂါအကြောင်း သိရှိမှုအားနည်းတာဟာ သာမန် ပြည်သူတွေတင်မကဘဲ အစိုးရ ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ခါတစ်လေမှာ ငှက်ဖျားလက္ခဏာတွေကို သတိမမူမိတာ ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် ပေးစေဟာ ပြီးခဲ့တဲ့လက ကတုန်ကယင်ဖြစ်ပြီး၊ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကြောင့် မီးချောင်းလှောင်ရွာပြင်က အစိုးရဆေးပေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။
ဒါပေမယ့် ၀န်ထမ်းတွေက သူ့ကို ငှက်ဖျားရောဂါ မစစ်ပေးဘဲ ဆေးတစ်လုံးထိုးပေးကာ အိမ်ပြန်လွှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်က ငှက်ဖျားရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီး၊ ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အကြံဉာဏ်ရဖို့အတွက် စေးမူဖောဆီ သွားရောက်ခဲ့ပါတယ်။
စေးမူဖောက သွေးဖောက်စစ်ကြည့်လိုက်တဲ့အခါမှာ ငှက်ဖျားရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ စေးမူဖောသာ မရှိဘူးဆိုရင် ပေးစေဟာ ငှက်ဖျားဖြစ်နေကြောင်း သိမှာမဟုတ်ဘဲ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။
“ကျေးလက်ဒေသတွေမှာ ဆရာဝန်တွေအပါအ၀င် ၀န်ထမ်းတွေ မလုံလောက်ဘူ။ ငှက်ဖျားတိုက်ဖျက်ဖို့ဆိုရင် အခြေခံအဆောက်အဦးတွေက တကယ့်ကို အရေးကြီးပါတယ်” လို့ ဒေါက်တာ သင်းသင်းချစ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၃၀ ကျရင် ငှက်ဖျားကင်းစင်ဖို့ အခွင့်အလမ်း ရှိနေတယ်လို့ ဂရေ့ဗ်က မျှော်လင့်ထားပေမယ့် ငွေကြေးထောက်ပံ့မှု မလုံလောက်တာ အပါအ၀င် မြန်မာနိုင်ငံက ကျန်းမာရေးစနစ်မှာ ရှိနေတဲ့ အားနည်းချက်တွေကြောင့် သူမနဲ့ ဒေါက်တာ ဘိုဘိုသက်တို့ကတော့ သိပ်ပြီး မမျှော်လင့်ထားပါဘူး။ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ ခုနှစ်ထက်စာရင် ၂၀၃၀ မှာ ကမ္ဘ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါကို နည်းဆုံး ၉၀ ရာခိုင်နှုန်း လျော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
“၂၀၃၀ လား။ သိပ်မသေချာပါဘူး။ အဲဒီအချိန်ရောက်ရင် မြန်မာနိုင်ငံက တစ်ချို့နေရာတွေမှာ
ငှက်ဖျားကင်းစင်မှာဖြစ်ပေမယ့် တစ်နိုင်ငံလုံးတော့ မဟုတ်လောက်ပါဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။
URC က ကူညီနေတဲ့ ဒေသတွေမှာ ငှက်ဖျားရောဂါ ကင်းစင်သွားပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို တီဘီ၊ HIV လို အခြားရောဂါတွေ ဖော်ထုတ်ကုသနိုင်အောင် လေ့ကျင့် သင်ကြားပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။
ဒီလိုဆောင်ရွက်ပေးထားတာကြောင့် ရွာတွေမှာ ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားလာမှု ရှိ၊ မရှိ အဲဒီဝန်ထမ်းတွေ စောင့်ကြည့်နိုင်မှာဖြစ်သလို၊ ငှက်ဖျားရောဂါမရှိတော့တဲ့အတွက် ငှက်ဖျားကို အာရုံစိုက်လုပ်ဆောင်နေတဲ့ လူ့စွမ်းအား ရင်းမြစ်တွေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်မှုတွေဟာ တော်တော်အရာရောက်ပေမယ့် တစ်ခုအောင်မြင်သွားလို့ နိုင်ငံခြား အလှူရှင်တွေက ဆက်ထောက်ပံ့ဖို့ စိတ်မ၀င်စားတော့ဘူးဆိုရင် ရပ်တန့်မယ့်အလားအလာ ရှိနေပါတယ်။
“ပြင်ပက ထောက်ပံ့မှုမပါဘဲ ဒါတွေ ဘယ်လိုလည်ပတ်ရမလဲဆိုတာ ကျွန်တော် မစဉ်စားတတ်တော့ဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။
အိုဟောင်းနေတဲ့ ဆေးရုံတွေ၊ ဆေးပေးခန်းတွေဟာ ဒီလိုစိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်တာကြောင့် အဆုံးသတ်တဲ့အချိန်အထိ ဆောင်ရွက်ဖို့အတွက် အမေရိကန်လို နိုင်ငံခြားအလှူရှင်နိုင်ငံတွေကို မြန်မာနိုင်ငံက လိုအပ်နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီယဲလ်က ငှက်ဖျားတိုက်ဖျက်ရေး ထောက်ပံ့မှုကို လွှတ်တော်က နှစ်စဉ် အတည်ပြုပေးတာဖြစ်ပြီး မြန်မာနိုင်ငံကို ဦးစားပေးထောက်ပံ့ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ်က အားရကျေနပ်မှု ရရှိဖို့ပါ” လို့ မာစီယဲလ်က ပြောကြားခဲ့ပါတယ်။
(The Gurdian သတင်းစာတွင် ဖော်ပြထားသည့် How Myanmar became an example to the world in the battle against malaria ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments