ဇူလိုင် ၂၂၊ ၂၀၁၉
M-Media

Bastille စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည့် Fly Board
-လက်ရှိ စစ်တပ်မဟာဗျူဟာတွေကို ကျော်လွန်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တွက်ချက်အဖြေထုတ်နိုင်မယ့် အဖွဲ့တစ်ခုကို ပြင်သစ်စစ်တပ်က သိပ္ပံဝတ္တု စာရေးဆရာတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
Red Team လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့မှာ သိပ္ပံဝတ္တု စာရေးဆရာ ၄ ဦးကနေ ၅ ဦးအထိ ပါဝင်မှာပါ။ ဒါဟာ ကာကွယ်ရေးကဏ္ဍကို ပိုမိုဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်ရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
အဖွဲ့ဟာ လက်ရှိ စစ်တပ်ရဲ့ သမရိုးကျ အခြေအနေတွေကို ကျော်လွန်ကာ ပိုမို ဆန်းသစ်တဲ့ နည်းလမ်းတွေကို စဉ်းစား ဖော်ထုတ်သွားမှာ ဖြစ်သလို၊ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ခေတ်သစ် နည်းပညာတွေကို အသုံးပြုပြီး ဘယ်လို တိုက်ခိုက်လာနိုင်လဲဆိုတာကိုပါ သုံးသပ်မှာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ ရည်ရွယ်ချက်က လက်ရှိ စစ်ရေးမဟာဗျူဟာက မစဉ်းစားနိုင်တဲ့ ‘နှောက်ယှက်မှုမျိုးတွေ’ ကို ဖော်ထုတ်ဖို့ဖြစ်ပြီး၊ ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို အထူး လျှို့ဝှက်ထားမှာဖြစ်ကြောင်း ပြင်သစ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ဆန်းသစ်ရေးအေဂျင်စီ DIA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလော့ရင့် ပါလီက စစ်ရေး တီထွင်ဆန်းသစ်တဲ့ ယှဉ်ပြိုင်မှုမှာ ပြင်သစ်နိုင်ငံဟာ နည်းလမ်းပေါင်းစုံကနေ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Bastille နေ့ စစ်ရေးပြအခမ်းအနားမှာ တီထွင်ဖန်တီးသူတွေက ဆန်းသစ်တဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို သရုပ်ပြသခဲ့ကြပါတယ်။
ဂျက်အင်ဂျင်နဲ့ ဖန်တီးထားတဲ့ တစ်ယောက်စီး flyboard သရုပ်ပြပျံသန်းမှုကို လူတွေက စိတ်ဝင်စားခဲ့သလို၊ ဒရုန်းလေယာဉ်တွေကိုထိန်းတဲ့ ဆစ်ဂနယ်ကို ဖြတ်တောက်ကာ ဒရုန်းဖမ်းဆီးနိုင်တဲ့ သေနတ်လည်း ပြပွဲမှာ ပါဝင်ခဲ့ပါတယ်။
မာလီနိုင်ငံက တပ်ဖွဲ့တွေကို ကူညီ ပံ့ပိုးပေးနိုင်မယ့် စက်ရုပ်တီထွင်မှုကိုလည်း ပြင်သစ်က
လက်ရှိမှာ ဆောင်ရွက်နေပါတယ်။
အရင်က သိပ္ပံဆိုင်ရာ စိတ်ကူးရေးသားမှုတွေဟာ လက်တွေ့လောကမှာ အမှန်တကယ် ဖြစ်ပေါ်လာတာတွေ ရှိခဲ့ပါတယ်။
၁၈၆၅ ခုနှစ်က ဂျူလီ ဗာရ်နီ ရေးသားခဲ့တဲ့ The Moon landing ၀တ္ထုဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကနေ လူ ၃ ဦး လပေါ်သွားတဲ့ ဇာတ်လမ်းဖြစ်ပြီး နှစ်ပေါင်း ၁၀၄ နှစ်အကြာမှာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။
၁၉၂၇ ခုနှစ် Metropolis ရုပ်ရှင်မှာ ပထမဆုံး ဖော်ပြခဲ့တဲ့ ဗီဒီယိုဖုန်း နမူနာဟာ လက်ရှိကာလမှာ အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ်က စာရေးဆရာ အိခ်ျဂျီဝဲလ်ဟာ The World Set Free ဝတ္ထုမှာ နျူကလီးယားဗုံးအကြောင်း ထည့်သွင်းရေးသားခဲ့ပြီး နောက်ထပ် နှစ် ၃၀ နီးပါး အကြာမှာတော့ လူသားတွေဟာ နျူဗုံးကို အမှန်တကယ် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။
Ref: BBC
Comments