6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၄၊ ၂၀၁၉
M-Media

တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် ဗီယက်နမ် အမျိုးသမီးများ

-တရုတ်နိုင်ငံကို လူကုန်ကူးကာ အဓမ္မ လက်ထပ်ခံရတဲ့ ဗီယက်နမ်မိန်းကလေးငယ် အရေအတွက်ဟာ တစ်စထက်တစ်စ များပြားလာနေပါတယ်။ နိုင်ငံအတွင်း ကျား၊ မ အချိုး မညီမျှတာကြောင့် နိုင်ငံရပ်ခြားကနေ သတို့သမီးဝယ်လိုအားကလည်း တရုတ်နိုင်ငံမှာ မြင့်တက်လာနေပါတယ်။

မိသားစုနဲ့သိနေတဲ့ မိတ်ဆွေတစ်ယောက်က သိပ်မဝေးတဲ့ Muong Khuong ဒေသကို အလယ်လာဖို့ ဖိတ်ခေါ်မှုကို လက်ခံစဉ်က အထက်တန်းကျောင်းသူ Linh မှာ ဘာအတွေးမှ မရှိပါဘူး။

အဲဒီ ‘မိတ်ဆွေ’ ဆိုတဲ့သူဟာ တကယ်တော့ လူကောက်တစ်ဦးဖြစ်ပြီး လူကုန်ကူးဂိုဏ်းအတွက်
အလုပ်လုပ်ပေးနေသူ ဖြစ်ပါတယ်။ သူဟာ အသက် ၁၇ နှစ်အရွယ် Linh နဲ့ ခင်မင်ရင်းနှီးအောင် တစ်နှစ်လောက် တစ်ဖြည်းဖြည်းကြိုးစားခဲ့တာပါ။

Muong Khuong ကို သွားတဲ့လမ်းမှာပဲ Linh ကို ပြန်ပေးဆွဲပြီး တရုတ်နိုင်ငံခေါ်သွားကာ လူစိမ်းတစ်ယောက်နဲ့ အဓမ္မ လက်ထပ်ပေးခဲ့ပါတယ်။

“လူကုန်ကူးခံရပြီဆိုရင် အဓမ္မကျင့်ခံရမှာ အသေအချာပါပဲ။ လူတိုင်း အဲဒီလို အကျင့်ခံရပါတယ်။
ကျွန်မ တရုတ်ပြည်မှာ လက်ထပ်လိုက်ရတယ်။ ကျွန်မနေတဲ့အိမ်မှာ သူတို့ပြောသမျှ လိုက်နာရတယ်။ မလိုက်နာဘူးဆိုရင် နှိပ်စက်တာပါပဲ။ ကျွန်မဟာ တရုတ်တစ်ယောက် မဟုတ်တာကြောင့် သူတို့ အကြောက်အလန့်မရှိ နှိပ်စက်ကြပါတယ်”

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်းက သာယာလှပတဲ့ တောင်ပေါ်ဒေသမှာ Linh လိုအမျိုးသမီးတွေ၊ အသက် ၁၃ နှစ်လောက်သာရှိသေးတဲ့ မိန်းကလေးငယ်တွေဟာ ရွာတွေကနေ ပျောက်ပျောက်သွားခဲ့ပြီး စိုးရိမ်ကောင်းတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

ဒီအမျိုးသမီးငယ်တွေကို ပြန်ပေးဆွဲကာ လူကုန်ကူးသူတွေထံ ရောင်းစားကြတာဖြစ်ပြီး၊ တရုတ်ပြည်ကိုရောက်ကာ သတို့သမီးတွေအဖြစ် ထပ်ဆင့် ရောင်းစားခံကြရပါတယ်။ တရုတ်နိုင်ငံဟာကျား၊ မ အချိုးမညီမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်
အလွန်အမင်း များပြားနေတာ ဖြစ်ပါတယ်။

ဘယ်သူမှ စိတ်မချရ

ဗီယက်နမ်နဲ့ တရုတ်တို့အကြား နယ်စပ်ဟာ ရှည်လျားပြီး တောတောင်ထူထပ်ကာ ၀င်ရထွက်ရ လွယ်ကူပါတယ်။ ဒါ့ကြောင့် လူကုန်ကူးသူတွေဟာ အမျိုးသမီးငယ်တွေကို ပြန်ပေးဆွဲပြီး နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်တာကို အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

“လူကုန်ကူးတာက ငွေရွှင်တယ်။ တစ်ယောက်လောက် ပို့လိုက်တာနဲ့ ဒေါ်လာ သောင်းချီရကြတာ” လို့ ဟနွိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့ Blue Dragon Children’s Foundation ကို တည်ထောင်သူ မိုက်ကယ် ဘရိုဆောစကီးက ပြောပါတယ်။

Blue Dragon Children’s Foundation အဖွဲ့ဟာ လူကုန်ကူးခံရတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ကယ်ဆယ်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း လူ ၃၀၀၀ ကျော်လောက် လူကုန်ကူးခံခဲ့ရပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဗီယက်နမ် ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါဟာ တရားဝင်ရရှိတဲ့ အချက်အလက်တွေဖြစ်ပြီး သတင်းမရတဲ့ အဖြစ်အပျက်တွေ အများအပြား ရှိနေအုံးမယ်လို့ ယူဆထားကြပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ ဌာနေကိုယ်စားလှယ် ကိုင်တလင် ဝေဆန်က ဗီယက်နမ် နိုင်ငံဟာ လုပ်အားခေါင်းပုံဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မလက်ထပ်ထိမ်းမြားမှုတို့ရဲ့ ရင်းမြစ်နိုင်ငံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဆင်းရဲမွဲတေတာ၊ ပညာရည် နိမ့်ပါးတာနဲ့ အလုပ်အကိုင်
ရှားပါးတာကြောင့် အမျိးသမီးတွေ အပြင်ထွက်ပြီး အလုပ်ရှာလုပ်ရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဝေဆန်က ဆိုပါတယ်။

အမျိုးသမီးတစ်ဦးကို ရောင်းစားနိုင်ဖို့အတွက် ပွဲစားတွေ၊ လူကုန်ကူးသူတွေဟာ ရက်ချီ၊ လချီ
အချိန်ပေးပြီး ရင်းနှီးအောင်၊ နီးစပ်အောင် ချဉ်းကပ်ကြတယ်လို့ ဘရိုဆောစကီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

လူကုန်ကူးသူဆိုပြီး သီးသန့်မရှိပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ထားသူတွေကနေ ဈေးက လက်ဖက်ရည်ရောင်းတဲ့ အဖွားအို၊ သူငယ်ချင်းအရင်းအထိ လူတိုင်းက လူကုန်ကူးသူတွေ ဖြစ်နိုင်ပါတယ်။

“လူကုန်ကူးသူတွေက ယောင်္ကျားလည်းဖြစ်နိုင်သလို၊ မိန်းမလည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ အဖြစ်အပျက် တော်တော်များများမှာ လူကုန်ကူးသူတွေက လူကုန်ကူးခံသူတွေနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ကြတယ်။ တစ်ခါတစ်လေမှာ လနဲ့ချီကြာအောင် ကြိုးစား တတ်ကြပါတယ်။ တရုတ်ပြည်ကို မခေါ်သွားခင် သူတို့တွေဟာ ခရီးထွက်တာဘာညာတောင် ရှိပါတယ်” လို့ ဘရိုဆောစကီးက ပြောပါတယ်။

နှိပ်စက်ခံရ

ဗီယက်နမ်နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတွေထဲမှာ ပါဝင်ပြီး Lao Cai ပြည်နယ်မှာရှိတဲ့ Bac Ha က Linh တစ်ယောက်လည်း ဒီလို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ လူတွေဟာ အသေးစား စိုက်ပျိုးရေးလုပ်ငန်းအပေါ် အဓိကထားပြီး အသက်မွေးဝမ်းကြောင်းနေရတာ ဖြစ်ပါတယ်။

ဒေသရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဗီယက်နမ်တစ်နိုင်ငံလုံးက တစ်ဦးချင်းဝင်ငွေရဲ့ ထက်ဝက်လောက်သာ ရှိပြီး လယ်သမားတော်တော်များများဟာ ဆင်းရဲတွင်းထဲမှာပဲ ရုန်းကန်လှုပ်ရှားနေရတာပါ။

Linh ကို လှည့်ဖျားခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံက လူကုန်ကူးဂိုဏ်းကို ရောင်းစားလိုက်တာ
ဖြစ်ပါတယ်။ အစက ဒါကို သူမ သတိမထားမိပါဘူး။

“တစ်ချို့ဒေသကိုရောက်ပြီး တရုတ်ပုံစံတွေကို ကျွန်မ တွေ့လာတယ်။ အဲဒီတော့မှ ကျွန်မ လူကုန်ကူး ခံရတာပါလားဆိုတာ သတိထားမိလာပါတယ်။ ကျွန်မ သိပ်ကြောက်သွားတယ်” လို့ Linh က ပြန်ပြောပြပါတယ်။

သူမကို တစ်နေရာပြီးတစ်နေရာ ခေါ်ဆောင်သွားကာ နောက်ဆုံးမှာတော့ မိသားစုတစ်စုထံ ရောင်းချခဲ့ပါတယ်။ တရုတ်စကားမပြောတတ်ရမလားဆိုပြီး အဲဒီမိသားစုက မကြာခဏ ရိုက်နှက်တယ်လို့ Linh က ဖွင့်ဟခဲ့ပါတယ်။

“အဲဒီကိုရောက်သွားရင် ထားရာနေ စေရာသွားရတာပါပဲ”

သူမဟာ အခုတော့ အသက် ၁၉ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

ကံကောင်းတာက Linh ရဲ့ ဖခင်ဟာ သူမ ယူနန်ပြည်နယ်မှာ ရှိနေကြောင်း ခြေရာခံနိုင်ခဲ့ပြီး နောက်ပိုင်းမှာ အာဏာပိုင်တွေက ကယ်ထုတ်ခဲ့ပါတယ်။

Lao Cai မှာနေထိုင်တဲ့ Giang တစ်ယောက်လည်း အလားတူအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က သူငယ်ချင်းတစ်ယောက်ရဲ့ ပြန်ပေးဆွဲမှုကို ခံရစဉ်မှာ သူမဟာ အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။

ဆေးခပ်ခံလိုက်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အသိပြန်ဝင်လာချိန်မှာတော့ တရုတ်နိုင်ငံကို ရောက်ရှိနေပါပြီ။

“ကျွန်မတို့ ဆေးမှာ လျှောက်သွားကြတယ်။ အိမ်ပြန်တဲ့အချိန်မှာ သူတို့က ကျွန်မကို တရုတ်ပြည်
ခေါ်သွားကြတာ။ ဘာဖြစ်လဲဆိုတာ သိလိုက်တဲ့အချိန်မှာ ကျွန်မက တရုတ်ပြည်ရောက်နေပြီ”

အဲဒီမှာ လက်ထပ်ဖို့ငြင်းဆန်ကာ နေ့တိုင်း ငိုနေခဲ့တယ်လို့ သူမက ပြောပါတယ်။

Giang တစ်ယောက် ကံကောင်းခဲ့ပါတယ်။ ဗီယက်နမ်အမျိုးသားတစ်ယောက်က သူ့ကို သနားသွားပြီး ဆိုင်ကယ်ရောင်းကာ လူကုန်ကူးသူတွေထံကနေ သူမကို ပြန်ရွေးခဲ့ပါတယ်။ Giang ကံဆိုးမိုးမှောင်ကျမှုဟာ ၅ ရက်သာ ကြာမြင့်ခဲ့ပါတယ်။

ရတဲ့နည်းနဲ့ ယူနေ

Giang နဲ့ Linh တို့လို လူကုန်ကူးခံရပြီး အိမ်ပြန်လာနိုင်တဲ့ မိန်းကလေးငယ်တွေဟာ မဆိုစလောက်သာ ရှိပါတယ်။ တော်တော်များများကတော့ နိုင်ငံခြားတိုင်းပြည်မှာ သူတို့ဆန္ဒမပါဘဲ ပိတ်မိ နေကြပါတယ်။

လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်ပြည်မှာ ဗီယက်နမ်မိန်းကလေးငယ်တွေကို
လိုလားတောင့်တနေရတဲ့ အကြောင်းအရင်းက ဘာလဲ?

ကျား၊ မ အချိုးအစား မညီမျှမှု အကြီးအကျယ်ဖြစ်နေမှု၊ ရိုးရာယဉ်ကျေးမှုက တောင်းဆိုမှု၊ ငွေကြေး အမြောက်အများ တင်တောင်းရမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ဆင်းရဲတဲ့ကျေးရွာတွေက အမျိုးသားတွေဟာ အိမ်ထောက်ဖက် ရရှိရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုလာရပါတယ်။

၁၉၇၉ ခုနှစ်ကနေ စတင်ခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် တရုတ်နိုင်ငံမှာ ကလေးမွေးမှု သန်း ၄၀၀ လောက်ကို တားဆီးနိုင်ခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

တရုတ်မိသားစုတွေဟာ ကလေးမွေးလာရင် မိန်းကလေးထက်၊ ယောက်ျားလေးကို ပိုမို ရွေးချယ်ကြတာကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘ္ဘာပေါ်မှာ ကျား၊ မ အချိုးအစား ကွာဟမှုအမြင့်ဆုံး နိုင်ငံတွေထဲကတစ်ခု ဖြစ်လာပြီး ၂၀၂၀ ခုနှစ်ရောက်ရင် အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၅၅ သန်းလောက် ပိုများလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တရုတ်အမျိုးသားတွေဟာ အိမ်ထောက်ဖက်ရှာဖွေဖို့အတွက် အိမ်နီးချင်း နိုင်ငံငယ်လေးတွေဖက်ကို လှည့်လာတာဟာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အမျိုးသားတွေ ဒီလို အများအပြားပိုလျှံနေတာက လွယ်လွယ်နဲ့ ငွေများများရလိုတဲ့ လူကုန်ကူသမားတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ တရားဝင် အိမ်ထောင်ဖက်ရှာတဲ့ တရုတ်အမျိုးသားတွေက သူတွေ့ဆုံတဲ့အမျိုးသမီးဟာ လူကုန်ကူးခံရသူ ဖြစ်နေလားဆိုတာကို မသိကြပါဘူး။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်ရဲတပ်ဖွဲ့ဟာ လူကုန်ကူးမှုကိစ္စပေါင်း တစ်ထောင်ကျော်ကို စုံးစမ်းဖော်ထုတ်ခဲ့ပြီး ဒီကိစ္စမှာပါဝင်သူ ၂၀၀၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် ဗီယက်နမ်အမျိုးသမီးတွေနဲ့ တရုတ်အမျိုးသားတွေအကြား လက်ထပ်ထိမ်းမြားမှုမှာ
အကုန်လုံးက အဓမ္မ လက်ထပ်ထိမ်းမြားမှုမျိုးက မဟုတ်ဘူးလို့ ဒီကိစ္စကို အကျိုးဆောင်ပေးနေတဲ့ Lim က ပြောပါတယ်။ တစ်ချို့ အမျိုးသမီးတွေဟာ လိုလိုလားလားနဲ့ တရုတ်မယား ဖြစ်လိုကြတယ်လို့လည်း သူက ဆိုပါတယ်။

“ဗီယက်နမ်က အမျိုးသမီးတွေဟာ သိပ်ပြီး ပစားပေးခြင်း မခံရဘူး။ ဒါ့ကြောင့် တရုတ်ပြည်လာပြီး ခင်ပွန်းလောင်း ရှာကြတာပါ။ ဒီကိုရောက်နေတဲ့လူ တော်တော်များများက ပျော်ကြတယ်။ မပျော်တဲ့သူတွေကတော့ ထွက်ပြေးကြတယ်။ ဒီမှာနေရတာ စိတ်မချမ်းသာလို့ပါ”

အမှန်တကယ်ကတော့ ဗီယက်နမ်က အမျိုးသမီးတွေဟာ ဆင်းရဲလွန်းတာကြောင့် သူတို့ဘ၀ကို
လောင်းကြေးထပ်ကြရင်း ပြုသမျှနုရတဲ့ဘ၀ကို ကျရောက်သွားကြတာ ဖြစ်ပါတယ်။

စိတ်ဒဏ်ရာကျန်ရစ်

သတင်းကောင်းတစ်ခုက တစ်နှစ်ကို လူကုန်ကူးခံရသူ ၁၀၀ လောက် တရုတ်ပြည်ကနေ ပြန်လာကြတယ်လို့ Lào Cai ပြည်နယ်ရဲ့ လူမှုကာကွယ်ရေး ဦးစီးဌာန အကြီးအကဲ Nguyen Tuong Long က ပြောကြားခဲ့ပါတယ်။

တစ်ခါတစ်ရံမှာ လူကုန်ကူးခံရသူတွေဟာ လိင်အမြတ်ထုတ်ခံရတာ၊ လုပ်အား ခေါင်းပုံဖြတ်ခံရတာတွေလည်း ရှိပါတယ်။

“အခြေအနေ တော်တော်များများမှာ လူကုန်ကူးခံရသူတွေဟာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရပါတယ်။ ဒီရဲ့နောက်ဆက်တွဲအဖြစ် ပြန်လာကြသူ အများစုဟာ ဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေကိုပါ ခံစားလာရပါတယ်”

ပြည့်တန်ဆာခေါင်း ပပျောက်ရေးလုပ်ငန်းကို တရုတ်အစိုးရက အရှိန်မြှင့် ဆောင်ရွက်လာတာကြောင့်လည်း အခြေအနေက ပိုဆိုးလာတယ်လို့ ဘရိုဆောစကီးက ပြောပါတယ်။

“ဒီလို လူကုန်ကူးမှုမျိုးဟာ ပျောက်သွားပေမယ့် တစ်ချိန်ကြရင် ပြန်ပေါ်လာတတ်စမြဲပါ”

ဒီလို တစ်သက်မမေ့တဲ့ အတွေ့အကြုံမျိုးတွေထက် ပိုဆိုးတာက အိမ်ပြန်လာတဲ့အချိန်မှာ မိသားစု အသိုင်းအဝိုင်းက အတိတ်အခြေအနေတွေကြောင့် နွေးထွေးစွာ မကြိုဆိုတာဖြစ်ပြီး၊ ပြည်တော်ပြန်လာတဲ့ မိန်းကလေးငယ်အချို့ ဒါမျိုးတွေကို ကြုံတွေ့နေရပါတယ်။

“ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုကို အကြီးအကျယ် ခံစားပြီးတဲ့နောက် လူကုန်ကူးခံရမှုကနေ သူတို့ လွတ်မြောက်လာကြတယ်။ ဒါပေမယ့် မိသားစု၊ အသိုင်းအဝိုင်းတွေဆီ ပြန်သွားတဲ့အခါမှာ အမြင်တစ်မျိုးနဲ့ ကြည့်ခြင်းကို သူတို့ ထပ်ခံစားရပါတယ်။ လူတွေက ဒီမိန်းကလေးတွေ ပြည့်တန်ဆာ သွားလုပ်စားကြတယ်လို့ ထင်ကြတာပါ” လို့ Nguyen Tuong Long က ပြောပါတယ်။

ပတ်ဝန်းကျင်က လက်မခံတာကို Linh လည်း ကြုံဖူးပါတယ်။ အိမ်ပြန်ရောက်လာလို့ စိတ်ချမ်သာရတဲ့ ခံစားမှုဟာ ကြာကြာမခံဘဲ ပတ်ဝန်းကျင်က မေးလား၊ မြန်းလား လုပ်လာတာကြောင့် ဒေါသထွက်ခဲ့ရပါတယ်။

“ကျွန်မကို တစ်စိမ်းပြင်ပြင်လို လူတွေက ကြည့်ကြတာ။ ဒါမျိုးကို ကျွန်မ မလိုချင်ပါဘူး”

ဒါပေမယ့် သူမအတွက် စိတ်သက်သာရာ ရစေတာတစ်ခုက သူမကို ရောင်းစားသူဟာ လက်ရှိမှာ လူကုန်ကူးမှုနဲ့ ထောင်ကျနေတယ်ဆိုတဲ့ သတင်းပါ။ Linh ကို ရောင်းစားပြီး တစ်ပတ်အကြာမှာပဲ ဒီအမျိုးသားကို ရဲက ဖမ်းဆီးစစ်ဆေးပြီး ထောင်ချခဲ့ပါတယ်။ ရောင်းစားခံရပြီးနောက်ပိုင်း Linh ဟာ အဲဒီလူကို နောက်ထပ် ထပ်မတွေ့တော့ပါဘူး။

သူမရဲ့ လက်ရှိရည်မှန်းချက်က အထက်တန်းအောင်ဖို့ဖြစ်ပြီး၊ အဲဒီနောက် ဘာလုပ်ရမလဲဆိုတာ ထပ်စဉ်းစားမှာ ဖြစ်ပါတယ်။

“စစရောက်တုန်းက ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ ကျောင်းပြန်တက်တော့ ဒါဟာ ငါ့ရဲ့အပြစ်မှ မဟုတ်ဘဲလေလို့ ကိုယ့်ကိုကိုယ် ပြန်ပြောမိပါတယ်။ ကိုယ့်စိတ်ကိုယ် ဘ၀ကို ပိုကောင်းအောင် ရှင်သန်နိုင်မှာပါ”

Ref: CNA

(Channel News Asia သတင်းဌာနတွင် ဖော်ပြထားသည့် Raped, beaten and sold in China: Vietnam’s kidnapped young brides ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Tags: ,

Comments are closed.