သြဂုတ် ၁၁၊ ၂၀၁၉
M-Media

-ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့ အိန္ဒိယရဲ့ ဆောင်ရွက်ချက်ဟာ နာဇီဝါဒကို အတုခိုးလုပ်ဆောင်တာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး စစ်ပွဲ ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ တစ်ဝက်စီ ထိန်းချုပ်ထားကြပြီး ကက်ရှ်မီးယားဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြားထားတာပါ။
ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယက သြဂုတ်လ ၅ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပြီး ဒေသကို နှစ်ပိုင်းပိုင်းကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားဖို့ ဆောင်ရွက်နေပါတယ်။
လက်ရှိမှာတော့ အိန္ဒိယက ကက်ရှ်မီးယားမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်တပ်တွေကို ထပ်တိုး ချထားကာ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်တွေဟာ နာဇီတွေရဲ့ အယူအဆကိုအတုယူဆောင်ရွက်တာဖြစ်တယ်လို့ မနေ့မှာ ဝေဖန်ခဲ့ပါတယ်။
“အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ ဖိနှိပ်တာ၊
ကက်ရှ်မီးယားပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လုဆဲဆဲ အခြေအနေမျိုးတွေဟာနာဇီတွေရဲ့ဝါဒကို အားကျတဲ့ RSS ရဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တာပါ”
ဟိန္ဒူ ကြီးစိုး၊ လွှမ်းမိုးရေးကို အားပေးတဲ့ RSS အဖွဲ့ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။
ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတဲ့ကိစ္စကို နိုင်ငံတကာက ကြားဝင်ဖြေရင်းပေးဖို့ ခန်းက အရင်ကလည်း တောင်းဆိုဖူးပါတယ်။
ပါကစ္စတန်ဟာ ဒီကိစ္စကြောင့် လက်ရှိမှာ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို တစ်ဆင့် လျှော့ချလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။
Ref: Aljazeera
Comments