6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၆၊ ၂၀၁၉
M-Media

-အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဇင်ဘာဘွေရဲ့ အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီဟာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားတယ်လို့ ဇင်ဘာဘွေသမ္မတ အီမာဆန် မနန်ဂါဂွာက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၉၅ နှစ်အရွယ် မူဂါဘီဟာ နေမကောင်းတာကြောင့် စင်ကာပူကို လာရောက်ကာ လနဲ့ချီ ဆေးကုသမှု ခံယူနေရတာပါ။ ဘာရောဂါဖြစ်ပွားသလဲဆိုတာ ဇင်ဘာဘွေ အာဏာပိုင်တွေက မထုတ်ပြန်ခဲ့သလို၊ ဘာ့ကြောင့် သေဆုံးသွားလဲဆိုတာကိုလည်း အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

၁၉၈၀ ပြည့်နှစ်ကတည်းက ဇင်ဘာဘွေကို အုပ်စိုးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ နိုဝင်ဘာမှာတော့ နိုင်ငံတစ်ဝှမ်း ပြည်သူတွေရဲ့ အကြီးအကျယ် ဆန္ဒပြမှုကြောင့် ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။

မူဂါဘီကို ၁၉၂၄ ခုနှစ်က ဇင်ဘာဘွေအနောက်မြောက်ပိုင်း ဟာရာရီမှာ မွေးဖွားခဲ့ပြီး ငယ်ငယ်က စာအလွန်ဖတ်သူအဖြစ် လူသိများပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ ကျောင်းဆရာအဖြစ်စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဗြိတိသျှ ကိုလိုနီအစိုးရကို တော်လှန်သူ ပျောက်ကြားခေါင်းဆောင်၊ နိုင်ငံရေးသမား စတဲ့ ဘ၀မျိုးစုံကို ဖြတ်သန်းခဲ့ရပြီး ဇင်ဘာဘွေနိုင်ငံကို အုပ်စိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇင်ဘာဘွေပြည်သူတွေ စာတတ်မြောက်မှုနှုန်း မြင့်မားမှုအတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကိုချီးကျူးမှုတွေရှိခဲ့ကြသလို၊ စီးပွားရေးအပါအ၀င် တိုင်းပြည်ရဲ့ ကဏ္ဍတော်တော်များများနဲ့ တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးခဲ့သူအဖြစ်လည်း ဝေဖန်ခံခဲ့ရပါတယ်။

နိုင်ငံရေး သြဇာ

မူဂါဘီဟာ အရင်က မာ့က်စ်ဝါဒီတစ်ဦးဖြစ်ပြီး တောင်အာဖရိကက Fort Hare တက္ကသိုလ်သိုလ်မှာ ကျောင်းတက်နေစဉ် အနာဂတ် အာဖရိကနိုင်ငံတွေမှာ ခေါင်းဆောင်ဖြစ်လာမယ့်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂါနာနိုင်ငံမှာ ကျောင်းဆရာအဖြစ် ဆောင်ရွက်နေစဉ် ဂါနာကိုတည်ထောင်သူ သမ္မတ ကွာမီ နက်ရူမာရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ဇင်ဘာဘွေကို ပြန်ရောက်တဲ့အချိန်မှာတော့ ‘ရိုဒီးရှားနိုင်ငံ’ လို့ အမည်တပ်ပြီး အုပ်စိုးနေတဲ့ လူဖြူအစိုးရကို ဆန့်ကျင်ခဲ့ပါတယ်။

သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် ၁၉၆၄ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ထဲမှာ ၁၀ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ ထောင်အတွင်းမှာပဲ သူဟာ ဘွဲ့ ၃ ခု ရယူနိုင်ခဲ့ပါတယ်။

ထောင်ထဲမှာရှိနေစဉ် ၁၉၇၃ ခုနှစ်မှာ ဇင်ဘာဘွေအာဖရိကအမျိုးသားသမ္မဂ (Zanu) ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသလို၊ လွတ်လာတဲ့အချိန်မှာတော့ မိုဇမ်ဘစ်နိုင်ငံကို သွားရောက်ကာ ရိုဒီရှားမှာ ပျောက်ကြားစစ်ပွဲ ဆင်နွှဲခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကိုလိုနီအစိုးရနဲ့ စေ့စပ်ဆွေးနွေးနိုင်ခဲ့တာကြောင့် ၁၉၈၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး နိုင်ငံသစ်ဖြစ်တဲ့ ‘ဇင်ဘာဘွေ ပြည်သူ့သမ္မတနိုင်ငံ’ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

အကျပိုင်း

၁၉၈၀ ပြည့်နှစ် ၀န်ကြီးချုပ်ဖြစ်လာကတည်းက မူဂါဘီဟာ နိုင်ငံရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတဲ့လူနည်းစု လူဖြူတွေကို နှိပ်ကွပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံအတွင်းက လယ်ယာတွေ ပြုပြင်ပြောင်းလဲရေးနဲ့ ခွဲဝေပေးရေးလုပ်ငန်းကို ၁၀ နှစ်တာ ပိတ်ပင်ခဲ့သလို၊ ၁၉၉၂ ခုနှစ်မှာ မြေယာဥပဒေတစ်ခု အတည်ပြုကာ လူဖြူတွေရဲ့ လယ်သမားတွေကို လယ်သမားတွေထဲ အဓမ္မ ခွဲဝေပေးခိုင်းခဲ့ပါတယ်။

၂၀၀၀ ခုနှစ် မြေယာပြုပြင်ပြောင်းလဲရေး ဥပဒေကြောင့် မြေဧက ၂၃ သန်းလောက်ကို ပြည်သူပိုင်သိမ်းခဲ့ပြီး အများစုဟာ လူဖြူတွေပိုင်ဆိုင်တဲ့ မြေယာတွေ ဖြစ်ပါတယ်။

မြေယာတွေကို စိုက်ပျိုးရေးမလုပ်တတ်တဲ့ လူမည်းတွေကို ခွဲဝေပေးခဲ့တာကြောင့် တိုင်းပြည်ရဲ့ လယ်ယာထွက်ကုန်နဲ့ စီးပွားရေးတွေ ထိုးကျခဲ့ပြီး ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှာ ဇင်ဘာဘွေရဲ့ လယ်ယာထုတ်ကုန်ဟာ ၆၀ ရာခိုင်နှုန်းအထိ ကျင်းဆင်းခဲ့ပါတယ်။ ဇင်ဘာဘွေဒေါ်လာ တန်ဖိုးကလည်း အလွန်အမင်း ဖောင်းပွခဲ့သလို ဒေါ်လာ ထရီလီယံ ၁၀၀ တန် ငွေစက္ကူ ရိုက်နှိပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာပြတ်လတ်မှု ဖြစ်ပွားခဲ့ပြီး၊ မိုးခေါင်မှု၊ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေဟာ အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့ပါတယ်။

မူဂါဘီလက်ထက် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ ဆုတ်ယုတ်လာတာကြောင့် ဇင်ဘာဘွေပြည်သူ ၃.၁ သန်းလောက်ဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးခဲ့ရပါတယ်။

မူဂါဘီဟာ အတိုက်အခံတွေနဲ့ သူ့ကို ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့တဲ့ သမိုင်းဆိုးလည်းရှိခဲ့ပြီး၊ ရာထူးကနေဆင်းပေးဖို့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်က နိုင်ငံတစ်ဝှမ်း လူထုအုံကြွမှု ဖြစ်ပေါ်လာတဲ့အခါမှာတော့ သူ့အပေါ် သစ္စာခံတဲ့ စစ်တပ်ကပဲ သူ့ကို ဖြုတ်ချခဲ့ပါတယ်။

Ref: Aljazeera, BBC

Tags:

Comments are closed.