အောက်တိုဘာ ၃၊ ၂၀၁၉
M-Media
၁။ Massalikul Jinaan Mosque (ဆီနီဂေါ)

၂၀၁၉ ခုနှစ် စက်တင်ဘာလကမှ ဖွင့်လှစ်လိုက်တဲ့ အဲဒီ ဗလီဝတ်ကျောင်းတော်ဟာ မြို့တော် ဒါကာမှာ တည်ရှိတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၃၃ သန်း ကုန်ကျခဲ့ပြီး အနောက်အာဖရိကမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် အတွင်းပိုင်းမှာ လူပေါင်း တစ်သောင်းခွဲလောက်
ဝတ်ပြုနိုင်ပြီး ဗလီပရဝုဏ်အတွင်းမှာလည်း နောက်ထပ် တစ်သောင်းခွဲ ၀တ်ပြုနိုင်ပါတယ်။ အမည်က ‘နိဗ္ဗာန်သို့သွားရာလမ်း’ လို့ အဓိပ္ပါယ်ရပြီး ၉ ရာစုက မွတ်စလင်သူတော်စဉ်တစ်ပါးဖြစ်တဲ့ ရှိခ် အဟာမာဒူ ဘမ်ဘာ အမ်ဘက်ကေ သီကုံးရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ရဲ့ အမည်ဖြစ်ပါတယ်။
၂။ Great Mosque of Kairouan (တူနီးရှား)

တူနီးရှားနိုင်ငံမြောက်ပိုင်းမှာ တည်ရှိတဲ့ ဒီ ‘ကိုင်ရူအန် ဂျာမေဗလီကြီး’ဟာ အစ္စလာမ်ကမ္ဘ္ဘာက ၀တ်ပြုရာနေရာတွေထဲမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေထဲကတစ်ခု ဖြစ်ပါတယ်။ အာဖရိကတိုက်မှာတော့ ရှေးအကျဆုံးဗလီအဖြစ် မှတ်ယူခံထားရပါတယ်။ အာရပ်ဗိုလ်ချုပ် အွက္ကဘာ အစ်ဗနေ့ နာဖီက သက္ကရာဇ် ၆၇၀ မှာတည်ဆောက်ခဲ့ပြီး အစ္စလာမ်မတိုင်ခင်ခေတ်၊ ရောမခေတ်နဲ့ ဘိုင်ဇန်တိုင်းခေတ်က ဗိသုကာလက်ရာတွေကို
ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် တည်ရှိတဲ့ ကိုင်ရူအန် ဒေသဟာ ကမ္ဘ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရာ ဒေသလည်းဖြစ်ပါတယ်။
၃။ Larabanga ဗလီ (ဂါနာ)

‘လာရာဘန်ဂါ’ လို့အမည်ရတဲ့ အဲဒီဗလီဟာ ‘အနောက်အာဖရိကရဲ့ မက္ကာ’ လို့ ကျော်ကြားပါတယ်။ ဆူဒန်ဗိသုကာလက်ရာအတိုင်း ၁၄၂ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ဂါနာနိုင်ငံရဲ့အရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တစ်လုံးဖြစ်ပြီး၊ အနောက်အာဖရိကရဲ့ ရှေးဟောင်းဗလီတွေထဲမှာလည်းပါဝင်ပါတယ်။ ရွှံ့နဲ့တည်ဆောက်ထားတဲ့ ဒီဗလီဟာ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားဖို့ အန္တရာယ်အရှိဆုံး နေရာ ၁၀၀ ထဲမှာလည်း ပါဝင်နေပြီး အကြိမ်အကြိမ် ပြန်လည်ပြုပြင်ထားရပါတယ်။ ဒီဗလီကို ပြန်လည်ပြုပြင်မှုကနေတစ်ဆင့် ရွှံ့နဲ့ ပလာစတာကိုင်တဲ့ နည်းပညာလည်း ပြန်လည်ရှင်သန်လာပါတယ်။
၎။ Touba ဗလီ (ဆီနီဂေါ)

ဆီနီဂေါက နာမည်ကျော် မွတ်စလင်သူတော်စဉ် အဟာမာဒူ ဘမ်ဘာက ဒီ ‘တူဘာဗလီ’ ကို ၁၈၈၇ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၃ ခုနှစ်အထိ အပြီးမသတ်နိုင်ပါဘူး။ သူတော်စဉ် ဘမ်ဘာဟာ ၁၉၃၇ ခုနှစ်မှာကွယ်လွန်ခဲ့ပြီး သူ့ရဲ့ ရုပ်ကလပ်ကို ဗလီရဲ့အတွင်းပိုင်းမှာပဲ မြှုပ်နှံထားပါတယ်။ ကမ္ဘ္ဘာပေါ်က အလှဆုံးဗလီတွေထဲကတစ်လုံးလည်းဖြစ်ပြီး လက်ရှိမှာတော့ ဘမ်ဘာရဲ့ မျိုးဆက်တွေက ဗလီကို စီမံခန့်ခွဲနေပါတယ်။
၅။ Great Mosque of Djenne (မာလီ)

‘ဂျင်းနေ’ လို့အမည်ရတဲ့ ဒီဗလီဟာ ကမ္ဘ္ဘာပေါ်က ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ၁၄ ရာစုက အနောက်အာဖရိကရဲ့ ဆာဟေလီယန်ဒေသမှာ ထွန်းကားခဲ့ပြီး ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ၁၉၀၇ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ရွှံ့နဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် နှစ်စဉ် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ရပြီး လူပေါင်းများစွာ လာရောက်ပါဝင်ကြတဲ့ ဒီအစီအစဉ်ဟာ နိုင်ငံရဲ့ ရိုးရာအခမ်းအနားတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
၆။ Abuja National Mosque (နိုက်ဂျီးရီးယား)

၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ‘အဘူဂျာဗလီ’ ဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ နိုင်ငံတော်ဗလီ ဖြစ်ပါတယ်။ လှပပြီး နိုင်ငံရဲ့ အထင်ကရနေရာတစ်ခု
ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လေ့လာလည်ပတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဗလီဟာ နိုက်ဂျီးရီးယား ‘နိုင်ငံတော် ခရစ်ယာန်စင်တာ’ ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာ
ဖြစ်ပါတယ်။
၇။ Uganda National Mosque (ယူဂန်ဒါ)

‘ယူဂန်ဒါ နိုင်ငံတော်ဗလီ’ ကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ခေတ်သစ် ဗလီဝတ်ကျောင်းတော် တည်ဆောက်မှု အမှတ်သညာအဖြစ်လည်း မှတ်ယူခံထားရပါတယ်။ လစ်ဗျားခေါင်းဆောင်ဟောင်းမွမ်မာ ကဒါဖီရဲ့ လမ်းညွှန်မှုနဲ့ တည်ဆောက်ခဲ့တာကြောင့် အရင်က သူ့အမည်ပေးထားပေမယ့် ကဒါဖီသေဆုံးသွားတဲ့အခါ နိုင်ငံတော်ဗလီအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဗလီမှာ ယူဂန်ဒါ မွတ်စလင်ကောင်စီရဲ့ ရုံးချုပ်လည်း ရှိနေပါတယ်။
၈။ Hassan II Mosque (မော်ရိုကို)

၁၉၉၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ‘ဟာဆန် ၂ ဗလီ’ ဟာ မကြာသေးခင်ကာလအထိ အာဖရိကတိုက်ရဲ့ အကြီးဆုံးဗလီအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ဟောင်း ဟာဆန် ၂ ရဲ့ အသက် ၆၀ ပြည့်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဗလီကို တည်ဆောက်ခဲ့တာပါ။ ဘုရားသခင်ရဲ့ ပလ္လင်တော်ဟာ ရေပေါ်မှာတည်ဆောက်ထားတဲ့ဆိုတဲ့ ကုရ်အာန်ထဲက ‘မဟန္တတ္တ အလင်္ကာ’ မြောက် စာကြောင်းတစ်ခုကိုဖော်ကျူးတဲ့အနေနဲ့ သုမ္မဒရာအစပ်မှာ ဒီဗလီကို တည်ဆောက်ထားပါတယ်။
၉။ Djamaa el Djazair (အလ်ဂျီးရီးယား)

‘ဂျမ်မာ အလ် ဂျဇရ်’ လို့အမည်ရတဲ့ အဲဒီဗလီဟာ မြို့တော် အလ်ဂျီယာမှာ တည်ရှိပြီး ‘အလ်ဂျီယာ ဂျာမေဗလီ’ လို့လည်း အမည်တွင်ပါတယ်။ ကန်ဒေါ်လာ ၁ ဘီလီယံ ကုန်ကျခဲ့ပြီး ၇ နှစ်လောက် တည်ဆောက်ခဲ့ရတာပါ။ အလ်ဂျီးရီးယားအစိုးရက ငွေကြေးစိုက်ထုတ်ကာ၊ ဂျာမန် ဗိသုကာပညာရှင်ကဒီဇိုင်းဆွဲပေးပြီး တရုတ်ကုမ္ပဏီက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မင်နာရတ်မျှော်စင်ရဲ့အမြင့်ဟာ ၈၆၉ ပေရှိပြီး အာဖရိကမှာ အမြင့်ဆုံး အဆောက်အဦးအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
Ref: DW
Comments