အောက်တိုဘာ ၁၆၊ ၂၀၁၉
M-Media

-လကမ္ဘာမှာ ပထမဆုံး လမ်းလျှောက်မယ့် အမျိုးသမီး ဝတ်ဆင်နိုင်မယ့် အာကာသဝတ်စုံကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။
နာဆာဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လပေါ်ကို လူလွှတ်ခြင်းမရှိတော့ဘဲ ၂၀၂၄ ခုနှစ်မှာတော့ လပေါ်ကို အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ Artemis လို့ အမည်ပေးထားတဲ့ အဲဒီခရီးစဉ်မှာလိုက်ပါမယ့် အမျိုးသမီးအာကာသယာဉ်မှူးဟာ လပေါ်ကို ခြေချနိုင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့မှာ နာဆာက ၂၀၂၄ ခရီးစဉ်မှာ ဝတ်ဆင်မယ့် အာကာသဝတ်စုံ ၂ ခုကို မိတ်ဆက်ခဲ့ပြီး ဒီ ၂ ခုစလုံးဟာ ၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်တွေက အပိုလိုခရီးစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းကို အခြေခံထားတာပါ။
Exploration Extravehicular Mobility (xEMU) လို့ အမည်ပေးထားတဲ့ ဝတ်စုံဟာ အနီ၊ အဖြူနဲ့ အပြာရောင်တို့ ပေါင်းစပ်ထားပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းပေါ်ကို ဆင်းရင် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လိမ္မော်ရောင် နောက်တစ်စုံကိုတော့ Orion Crew Survival System လို့ အမည်ပေးထားပြီး ကမ္ဘာနေ လကို အသွားအပြန်ခရီးစဉ်မှာ ဝတ်ဆင်ရမှာပါ။
ဒီဝတ်စုံတွေဟာ အရင်က ဝတ်စုံတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုထားပြီး အာကာသယာဉ်မှူးတွေအတွက် သက်တောင့်သက်သာ ပိုဖြစ်လိမ့်မယ်လို့ နာဆာက ပြောကြားခဲ့ပါတယ်။
အာကာသဝတ်စုံရဲ့ လုပ်ဆောင်ချက်တွေကတော့ အောက်ဆီဂျင်ကို ထိန်းသိမ်းတာ၊ အဆိပ်ဓာတ်ငွေ့တွေ၊ အနံ့တွေ၊ ရေခိုးရေငွေ့တွေ ဖယ်ရှားပေးတာ၊ အပူချိန် ထိန်းညှိပေးတာတွေ ဖြစ်ပါတယ်။ အခုဝတ်စုံသစ်မှာ ဆက်သွယ်ရေးနည်းနစ်ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။
Artemis ခရီးစဉ်အတွက် အသုံးမပြုခင် အဲဒီဝတ်စုံသစ်ကို နိုင်ငံတကာ အာကာသစခန်းမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး လိုအပ်ချက်တွေ ရှိခဲ့ရင် ပြုပြင်သွားဖို့လည်း နာဆာက စီစဉ်ထားပါတယ်။ ဒီဝတ်စုံကို အနာဂတ် အင်္ဂါဂြိုဟ်ခရီးစဉ်မှာ ပြုပြင်အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့လည်း နာဆာက ဆိုပါတယ်။
Ref: CNN
Comments