အောက်တိုဘာ ၁၈၊ ၂၀၁၉
M-Media
-နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်ကာ ကင်းလှည့်မယ့်အစီအစဉ်အတွက် ရှေ့ပြေးစမ်းသပ်မှုတစ်ခုကို ပြုလုပ်သွားမယ်လို့ နယူးဇီလန်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောကြားလိုက်ပြီး မတ်လက ခရိုက်ချက်ဗလီတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
နယူးဇီလန်၊ ယူကေနဲ့ နော်ဝေတို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ သာမန်လုပ်ငန်းတွေ ဆောင်ရွက်စဉ်အတွင်း လက်နက်ကိုင်ဆောင်ခွင့်မရှိပါဘူး။ ရဲကားတွေမှာ လက်နက်တွေ တင်ဆောင်ထားပေမယ့် အထက်အရာရှိရဲ့ ခွင့်ပြုချက်ရမှ ကိုင်ဆောင်အသုံးပြုရတာ ဖြစ်ပါတယ်။
ဒါပေမယ့် လူ ၅၁ ဦး သေဆုံးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ဗလီအကြမ်းဖက်တိုက်ခိုက်မှု နောက်မှာတော့ ရဲတွေ ကင်းလှည့်စဉ် လက်နက်မသယ်ဆောင်ရဆိုတဲ့ ကန့်သတ်ချက်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
နယူးဇီလန်ရဲတပ်ဖွဲ့ရဲ့ ကော်မရှင်နာမင်းကြီး မိုက် ဘုရှ်က ဒီတိုက်ခိုက်မှုပြီးတဲ့နောက် ရဲလုပ်ငန်းလုပ်ဆောင်မှု အခြေအနေတွေလည်း ပြောင်းလဲသွားတယ်လို့ မနေ့ကကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
ရဲတွေ လက်နက်ကိုင်ဆောင် ကင်းလှည့်နိုင်ရေး ရှေ့ပြေးစမ်းသပ်မှုတစ်ခုကို နယူးဇီလန်ရဲ့မြို့တော် အောက်ကလန်မြို့၊ ဝေကာတိုမြို့နဲ့ ကန်တာဘူရီမြို့တွေမှာ အောက်တိုဘာ ၂၈ ရက်နေ့ကနေ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုဟာ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဘုရှ်က ကင်းလှည့်တဲ့ရဲတွေကို အမြဲတမ်း လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားမှာဖြစ်ပြီး စစ်ဆင်ရေးလုပ်မယ့် ရဲတွေကို အဆင်သင့်ကူညီနိုင်မယ့် အနေအထားမျိုး ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments