နိုဝင်ဘာ ၁၆၊ ၂၀၁၉
M-Media
– လူကုန်ကူးသူတွေရဲ့ မစားရ၀ခမန်း ကတိကဝတ်တွေကို ယုံပြီး တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ ဆင်းရဲသူဆင်းရဲသားတွေကို စစ်ကိုင်းတိုင်းဒေသကြီးက လူငယ်အဖွဲ့အစည်းတစ်ခုက ကယ်တင်ပေးနေပါတယ်။
ဒေါ်မိမော်တစ်ယောက် တရုတ်ပြည်ကိုရောက်ဖို့ ၁၀ ရက်တာ ကြာမြင့်ခဲ့ပါတယ်။ လူကုန်ကူးသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က သူမနေထိုင်တဲ့ရွာကနေ တရုတ်နိုင်ငံကို တစ်ကွေ့တစ်ပတ်ကြီး ခေါ်သွားခဲ့တာပါ။ အနောက်မြောက်ဖက် ကလေးမြို့ကနေတစ်ဆင့်၊ အနောက်ဖက် မန္တလေး၊ အဲဒီကမှ အရှေ့မြောက်ဖက်ကိုဆက်သွားကာ လာရှိုးရောက်ခဲ့ပြီး လူမသိသူမသိ လမ်းကြောင်းကနေ တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် ကလေး ၂ ယောက်မိခင် မုဆိုးမ ဒေါ်မိမော်ဟာ တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ညီတဲ့ငွေကြေး ရမယ်ဆိုတဲ့ ကတိကြောင့် ဖြစ်လာသမျှ ကြံကြံခံမယ်ဆိုတဲ့စိတ်မွေးကာ သွားရောက်ခဲ့တာပါ။ ဒီငွေကြေးဟာ သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးတဲ့ လခမျိုးဖြစ်ကာ အိမ်မှာကျန်ခဲ့တဲ့ ညီမနဲ့ သားသမီးနှစ်ယောက်ကို ကောင်းကောင်းထောက်ပံ့နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ သူမရဲ့ သားတစ်ဦးဟာ ကျောက်တွင်းတွေမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေရပြီး အခြားတစ်ဦးကတော့ အသက် ၅ နှစ်အရွယ်သာ ရှိပါတယ်။
အထုတ်အပိုးတွေ သယ်ဆောင်ကာ ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတစ်လျှောက် ဖြတ်ကျော်စဉ်တုန်းကဆိုရင် သူမဟာ သားတွေအကြောင်းကိုသာ တစ်ချိန်လုံး တွေးနေခဲ့တာပါ။ တရုတ်နိုင်ငံထဲ ရောက်ရှိလာတဲ့ အချိန်မှာတော့ သူမနဲ့ အခြား ၁၁ ဦးကို ခြင်ပေါတဲ့ ဂိုထောင်ထဲမှာ ၂ ရက်လောက် လှောင်ပိတ်ထားခဲ့ပါတယ်။ အခြား ၁၁ ဦးထဲမှာ ၆ ဦးက သူမနေထိုင်ရာ လောင်းကျီရွာက ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သူတို့ခရီးစဉ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုန်ပြည်နယ်က ဝေဟိုင်းဆိပ်ကမ်းမြို့ရဲ့ ငါးစက်ရုံမှာ အဆုံးသတ်ပါတယ်။ ဒီအလုပ်ဟာ ဒေါ်မိမော် အိပ်မက်ထဲကအလုပ် မဟုတ်ဘဲ အိပ်မက်ဆိုးသာ ဖြစ်ခဲ့ပါတယ်။
“ဂေါ်ဖီပြုတ်တွေ၊ မုန့်ညှင်းပြုတ်တွေကို ကျွန်မတို့ စားခဲ့ရတယ်။ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ရတယ်။ ကျွန်မတို့ကို ထိုင်ဖို့တောင် မပေးပါဘူး” လို့ ဒေါ်မိမော်က Frontier သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေါ်မိမော်အပါအဝင် မင်းကင်းမြို့နယ်က လူကုန်ကူးခံရသူတွေဟာ ငါးတွေ သန့်ရှင်းတဲ့အလုပ်ကို တစ်နေ့ ၁၂ နာရီလောက် လုပ်ဆောင်ခဲ့ရတာပါ။ တရုတ်အလုပ်သမားခေါင်းက သူတို့အလုပ်လုပ်တာ သိပ်နှေးတယ်လို့ထင်ရင် ဒါမှမဟုတ် နားချိန်တောင်းရင် ဆူပူကြိမ်းမောင်းတာ၊ ကန်ကျောက်တာ နားရွက်ဆွဲတာတွေ လုပ်ဆောင်ပါတယ်။ ဒီအခြေအနေကို ၅ ရက်တာ ခံစားခဲ့ရပြီးတဲ့နောက်မှာ ဒေါ်မိမော်တစ်ယောက် ဖျားနားလာပြီး အိမ်ပြန်ဖို့ တောင်းပန်ခဲ့ရပါတယ်။
“ကုမ္ပဏီက ကားတစ်စီးက ကျွန်မကို ကွင်းပြင်တစ်ခုထဲခေါ်သွားပြီး ပစ်ချခဲ့တယ်။ တရုတ်စကားမတတ်တော့ ကျွန်မကို ဘယ်သူမှ မကူညီကြဘူး။ စက်ရုံကဖိုမင်ကို ဖုန်းဆက်တဲ့အခါ ခရီးစားရိတ်ပေးရင် နယ်စပ်ပို့ပေးမယ်လို့ပြောတယ်။ အိမ်ပြန်ရောက်ရင် ပိုက်ဆံ ပြန်ပေးမယ်လို့ ကျွန်မ ကတိပေးခဲ့ရတယ်”
ဒေါ်မိမော် အိမ်ပြန်ဖို့လိုအပ်တဲ့ ငွေကျပ် ၁၂ သိန်းကို ညီမဖြစ်သူက ရွှေတွေရောင်းပြီး ပေးခဲ့ရတာပါ။ ဒေါ်မိမော်ဟာ ကုန်တင်ကားတစ်စီးရဲ့ အိမ်သာထဲမှာပုန်းပြီး နယ်စပ်ကို လိုက်ခဲ့ရပါတယ်။
“၄ ရက်လုံးလုံး အိမ်သာထဲကနေ ကျွန်မကို ထွက်ခွင့်မပေးဘဲ ဘာမှလည်း မစားရပါဘူး”
နောက်ဆုံး ဒေါ်မိမော် အိမ်ပြန်ရောက်တဲ့အခါ သူမရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြောပြကာ အခြား လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ(SRYAC ) ရဲ့ အကူအညီနဲ့ လူကုန်ကူးခံရသူ ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလူတွေဟာ အလုပ်မတရားအခိုင်းခံရတဲ့အတွက် မောပမ်း ဖျားနာနေကြပြီး တစ်ဦးမှ လုပ်ခလစာ မရကြပါဘူး။
လွတ်မြောက်လာသူ အင်းဒေါင်ရွာသား အသက် ၂၉ နှစ်အရွယ် ဦးဇော်ဝင်းအေးက ဘာသာစကား အခက်အခဲကြောင့် အလုပ်သမားတွေဟာ အလုပ်သမားခေါင်းပြောတဲ့စကားကို နားမလည်ကြဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့် ပြောတဲ့အတိုင်း လိုက်မလုပ်နိုင်တဲ့အခါ အလုပ်သမားခေါင်းတွေက စိတ်ဆိုးလာကြပါတယ်။
“လက်သီးတွေနဲ့ထိုးတယ်၊ ခြေထောက်နဲ့ကန်တယ်။ နားရွက်တွေကိုလည်း ဆွဲပါတယ်”
SRYAC က အခုနှစ်အတွင်း တရုတ်နိုင်ငံကနေ အိမ်ပြန်လာနိုင်သူဟာ ဦးဇော်ဝင်းအေးတို့အုပ်စု အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀၀ ကျော်လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းဒေသကြီးအစိုးရတို့ရဲ့ အကူအညီနဲ့အတူ SRYAC ဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေကယ်တင်နေပါတယ်။
SRYAC ရဲ့ ယင်းမာပင်ခရိုင်အဖွဲ့ဝင် ဦးဝင်းဇော်ခိုင်က မစားရ၀ခမန်း အလုပ်အကိုင် မက်လုံးတွေကို တိုင်းဒေသကြီးတစ်ဝှမ်းက လူတွေ စိတ်ဝင်စားကြတဲ့အတွက် လူကုန်ကူးမခံရဖို့ တားဆီးရတာ ခက်ခဲလာတယ်လို့ ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံကိုမသွားဖို့ ကျွန်တော်တို့ကပြောရင် အခွင့်အလမ်းပိတ်တယ်လို့ သူတို့က ထင်ကြတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေးနိုင်တာက ပွဲစားတွေထံ ချဉ်းကပ်ပြီး ဒီလူတွေအတွက် တာဝန်အပြည့်အ၀ယူဖို့ ပြောရတာပါ”
လူကုန်ကူးခံရမှုကနေ လွတ်မြောက်ပြီး အိမ်ပြန်ရောက်လာသူအချို့ဟာ လူကုန်ကူးသူတွေအပေါ် တရားစွဲဆိုခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးက တရားရုံးတွေမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၅ ခု ကိုင်တွယ်စစ်ဆေးခဲ့ရပြီး လူကုန်ကူးခံရသူ ၈ ဦး၊ လူကုန်ကူးသူ ၉ ဦး ပါဝင်ပါတယ်။ နိုင်ငံခြားအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ ကိုင်တွယ်ရတဲ့အမှုက ၁၃ ခုရှိခဲ့ပြီး ပွဲစား ၂၆ ဦး၊ လူကုန်ကူးခံရသူ ၁၄၂ ဦး ပါဝင်ပါတယ်။ တစ်ချို့အမှုတွေက ပြီးဆုံးသွားပြီး တစ်ချို့ကတော့ ဆက်လက်ကြားနာနေဆဲပါ။
မင်းကင်းမြို့နယ်က ဒေါ်မိမော်တို့အုပ်စုက ပွဲစား ၂ ဦးကို လိုင်စင်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ဝင်ငွေနည်းပြီး ဆင်းရဲတဲ့ တောသူတောင်သားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
လူကုန်ကူးခံရသူတွေထဲကတစ်ဦးကတော့ ဖက်ထုတ်ကျေးရွာက ဒေါ်အေးဝင်းဖြစ်ပါတယ်။ မိသားစုဟာ ပဲစိုက်ပေမယ့် စားဝတ်နေရေးအတွက် မလောက်ငှဘူးလို့ သူမက ပြောပါတယ်။
“အမေအိုကို ကျွန်မ ထောက်ပံ့ပေးချင်တယ်။ မိသားစုဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့အတွက် ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”
အိပ်မက်ဆိုးကနေ လွတ်မြောက်လာတဲ့အတွက် ဒေါ်အေးဝင်းတစ်ယောက် ပျော်ရွှင် ချမ်းမြေ့နေပြီး နောက်တစ်ခါ နိုင်ငံရပ်ခြားကို ဘယ်တော့မှ အလုပ်သွားမလုပ်တော့ဘူးလို့လည်း သူမက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ဆိုးဝါးတဲ့ လုပ်ငန်းခွင်တွေမှာ ကံမကောင်း အကြောင်းမလှဘဲ ဆက်လက်ပိတ်မိနေတဲ့ သူတွေလည်း ရှိနေပါတယ်။
“ကျွန်မတို့ ပြန်လာနိုင်ပေမယ့် တရုတ်နိုင်ငံမှာ မြန်မာတွေ အများကြီးကျန်နေပါသေးတယ်။ သူတို့တွေလည်း အိမ်ကို ပြန်လာချင်ကြတယ်” လို့ ဒေါ်အေးဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Frontier Myanmar
(Frontier Myanmar မှ Promises, lies and living nightmares for Sagaing villagers lured to China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments