နိုဝင်ဘာ ၁၆၊ ၂၀၁၉
M-Media
-သီရိလင်္ကာအနောက်မြောက်ပိုင်းမှာ မွတ်စလင်မဲပေးသူတွေကို တင်ဆောင်လာတဲ့ ယာဉ်တန်းတစ်ခု ဒီကနေ့မှာ ချုံခို တိုက်ခိုက်ခံခဲ့ရပြီး ရွေးကောက်ပွဲတာဝန်ရှိသူတွေက လူနည်းစုတွေအပေါ် ကာကွယ်ပေးနိုင်မှု အားနည်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
တန်တီရီမာလီဆိုတဲ့မြို့မှာ မွတ်စလင်မဲပေးသူတွေကို တင်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ကျော်ပါ ယာဉ်တန်းကို သေနတ်သမားတွေက လမ်းတွေပိတ်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ကား ၂စီးလောက် ပျက်ဆီးခဲ့ပေမယ့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ထွက်မလာသေးပါဘူး။
ကမ်းရိုးတန်းမြို့ ပူတာလန်က မွတ်စလင်တွေဟာ အနီးအနားက မန်နာရ်ဆိုတဲ့မြို့မှာ မဲပေးဖို့သွားရင်း ဒီလိုအဖြစ်အပျက်မျိုး ကြုံတွေ့ရတာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ သမ္မတရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာနဲ့ အိုးအိမ်ဝန်ကြီး ဆာဂျစ် ပရီမာဒါဆာတို့ အဓိကယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်နာမင်းကြီး ၃ ဦးထဲက တစ်ဦးဖြစ်သူ ရတ္တနာဂျီဝမ် ဟူလီက အာဏာပိုင်တွေဟာ မွတ်စလင်မဲပေးသူတွေကို အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
Ref : Arab News
Comments