ဒီဇင်ဘာ ၁၊၂၀၁၉
M-Media
-အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘက်မြို့မှာ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအဖြစ် လူထုအုံကြွမှုလည်း ဖြစ်ပေါ်လာပါတယ်။
အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆရာဝန် အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓဟူးနေ့ညပိုင်းက အမျိုးသား ၄ ဦးရဲ့ ပြန်ပေးဆွဲ အဓမ္မကျင့်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ကျူးလွန်သူတွေက အမျိုးသမီးကို သတ်ဖြတ်ခဲ့ပြီး စောင်နဲ့ပတ် ရေနံဆီလောင်းကာ အလောင်းကို မီးရှို့ခဲ့ပါတယ်။ ကြွင်းကျန်တဲ့ အစိတ်အပိုင်းနဲ့ ပြာတွေကို ကြာသာပတေးနေ့ မနကပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့ခဲ့ပြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းတာတွေကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ စနေနေ့မှာတော့ ရာပေါင်းများစွာသောပြည်သူတွေဟာ ဟိုက်ဒရာဘတ်မြို့က ရဲစခန်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရရဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်မှုတွေအပေါ် နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။ နောက်ဆက်တွဲအဖြစ် မုဒိမ်းမှုအတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှု မရှိပါဘူး။
၂၀၁၇ ခုနှစ်တွင်း နိုင်ငံတစ်ဝှမ်း အဓမ္မကျင့်မှုပေါင်း ၃၂၀၀၀ လောက် ဖြစ်ပွားခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေမှာ ဖော်ပြပြီး ကျွမ်းကျင်သူတွေကတော့ အရေအတွက်ဟာ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်အရင်ကလည်း ဒေလီမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ အိမ်နီးချင်းအမျိုးသားရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရပါတယ်။ ကျူးလွန်သူဟာ အဲဒီအမျိုးသမီးငယ်ကို မီးရှို့ခဲ့ပြီး ရရှိတဲ့ ဒဏ်ရာတွေကြောင့် မနေ့က ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။
Ref: AFP
Comments