ဒီဇင်ဘာ ၅၊ ၂၀၁၉
M-Media
-ပစိဖိတ်ကျွန်းစုနိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဆာမိုအာမှာ ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပြန့်နှံ့နေမှုကြောင့် အစိုးရဟာ နိုင်ငံကို ၂ ရက်တာ တံခါးပိတ်ပြီး တစ်အိမ်တက်ဆင်း ကာကွယ်ဆေးတွေ လိုက်လံထိုးနှံပေနေပါတယ်။
လူဦးရေ ၂ သိန်းသာရှိတဲ့ ဆာမိုအာမှာ ပြီးခဲ့တဲ့လကစလို့ ဝက်သက်ရောဂါ ပြန့်နှံ့ဖြစ်ပွားလာတာဖြစ်ပြီး ၆၂ ဦးသေဆုံးကာ အများစုက ကလေးငယ်တွေဖြစ်ပါတယ်။
ဒါ့ကြောင့် အစိုးရဟာ ကြာသာပတေးနေ့ကနေစတင်ကာ နိုင်ငံကို ၂ ရက်တာ တံခါးပိတ်လိုက်တာ ဖြစ်ပါတယ်။ အရေးမကြီးတဲ့ အစိုးရဌာနတွေအားလုံးကို ပိတ်ထားသလို၊ စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ ကျွန်းစုအတွင်း ပြေးဆွဲနေတဲ့ သယ်ယူပို့ဆောင်ရေးလိုင်းအားလုံးကိုလည်း ရပ်ဆိုင်းထားပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြဖို့၊ ကာကွယ်ဆေးမထိုးနှံရသေးရင် အိမ်ရှေ့မှာ ပိတ်စအနီနဲ့ အလံထောင်ထားဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။ ဆေးရုံသွားတာမျိုး၊ အထူးခွင့်ပြုချက်နဲ့ သွားတာမျိုးကလွဲလို့ ပြည်သူတွေ အပြင်သွားတာကိုလည်း ပိတ်ပင်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု ၁၆၅ ခု ရှိခဲ့တယ်လို့ အစိုးရက ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့လကစလို့ ဒီရောဂါကြောင့် သေဆုံးမှုဟာ ၆၂ ဦးရှိခဲ့ပြီး ၅၄ ဦးက ရင်ခွင်ပိုက်ကလေးငယ်တွေ အသက် ၄ နှစ်နဲ့အောက် ကလေးငယ်တွေဖြစ်ပါတယ်။
Ref: Aljazeera
Comments