ဒီဇင်ဘာ ၅၊ ၂၀၁၉
M-Media

-မြန်မာနိုင်ငံရဲ့ အကြီးဆုံး နေစွမ်းအင်သုံး သီးသန့်ဓာတ်အားပေးစနစ်တစ်ခုကို အင်္ဂါနေ့က မကွေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
Mandalay Yoma Energy ကုမ္ပဏီက တာဝန်ယူဆောင်ရွက်တဲ့ အဲဒီ နေစွမ်းအင်သုံး ဓာတ်အားလိုင်းဟာ မကွေးတိုင်းဒေသကြီး လဲမာရွာက အိမ်ခြေ ၄၀၀ လောက်ကို ဓာတ်အားပေးနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီအကြီးအကဲ ကာပီလ်ဆသ်က ဒီလိုဖွင့်လှစ်နိုင်မှုဟာ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် မှတ်တိုင်သစ်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အနိမ့်ဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်ပြီး နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဝန်းကျင်သာ ဓာတ်အားရရှိပါတယ်။
Mandalay Yoma Energy ဟာ ပြင်သစ်နိုင်ငံက GDF International SAS ကုမ္ပဏီနဲ့ စင်ကာပူအခြေစိုက် Sol Partners Pvt Led တို့ ပူးပေါင်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးက်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းကာ ကျေးလက်နေပြည်သူ သိန်းနဲ့ချီ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် နောက်ထပ် နေစွမ်းအင်သုံး သီးသန့် ဓာတ်အားပေးစနစ်တွေကိုလည်း Mandalay Yoma Energy က ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
၂၀၃၀ ပြည့်နှစ်ရောက်ရင် မြန်မာနိုင်ငံက အိမ်တိုင်း လျှပ်စစ်ဓာတ်အား ရရှိရေး အစိုးရက စီမံကိန်းချ ဆောင်ရွက်နေပြီး ဒေသအလိုက် သီးသန့်ဓာတ်အားပေးစီမံကိန်းတွေကို ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီပေးနေပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ချေ ပမာဏဟာ ၇၀၀ မီဂါဝပ်ကျော်ရှိပြီး ဒါဟာ လက်ရှိ တိုင်းပြည်ရဲ့ ဓာတ်အားထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကစပြီး အစိုးရက ဓာတ်အား တိုးမြှင့်ကောက်ခံခဲ့တာကြောင့် အခြား ပြည့်ဖြိုးမြဲရင်းမြစ်တွေထက် ပိုမို မြန်မြန်ဆန်ဆန် ဖန်တီးအသုံးပြုနိုင်တဲ့ နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်ကို စိတ်၀င်စားမှု မြင့်တက်လာပါတယ်။
Ref: Myanmar Times
(Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)
Comments