News @ M-Media

ကွာလာလမ်ပူတွင်ကျင်းပမည့် မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ပါကစ္စတန် နှုတ်ထွက်

ဒီဇင်ဘာ ၁၈၊ ၂၀၁၉
M-Media

-ဒီဇင်ဘာ ၁၉ ရက်နေ့ကစတင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးညီလာခံကို မတက်ရောက်တော့ဘဲ မွတ်စလင်ကမ္ဘာမှာ အကွဲအပြဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပါကစ္စတန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေ တော်တော်များများ တက်ရောက်ဖို့ ရှိပါတယ်။

ဆော်ဒီအာရေဗျက ဒီညီလာခံဟာ ရှိပြီးသား OIC အဖွဲ့နဲ့ စင်ပြိုင်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောကြားထားပါတယ်။

ပါကစ္စတန်ဟာ ဒီညီလာခံကို တက်ရောက်ဖို့ စာရင်းပေးထားတာပါ။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူဒ် ကိုရာရှီက ညီလာခံကို ဝန်ကြီးချုပ် အင်မရန်းခန်းရော၊ သူပါတက်ရောက်မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆော်ဒီရဲ့ စိုးရိမ်မှုကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီးက ထည့်သွင်ုပြောဆိုခဲ့ပါတယ်။

အင်မရန်းခန်းဟာ အင်္ဂါနေ့က ကမ္ဘာ့ဒုက္ခသည်များဖိုရမ်မှာလည်း တူရကီသမ္မတ အာဒိုဂန်ကို ညီလာခံ မတက်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကွာလာလမ်ပူက ထိပ်သီးညီလာခံဖြစ်မြောက်ရေးမှာ တူရကီကလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

မလေးရှားကတော့ ဒီထိပ်သီးညီလာခံဟာ OIC နဲ့ စင်ပြိုင်ဖို့မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

“အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် သွားနေတဲ့ ဒီထိပ်သီးညီလာခံကို မလေးရှားအစိုးရက ပံ့ပိုးကူညီပေးထားပြီး ၅ ကြိမ်မြောက် ရှိလာပါပြီ။ ဝေဖန်သူတစ်ချို့ပြောနေသလို အဖွဲ့အစည်းသစ်တစ်ခု တည်ထောင်ဖို့ မဟုတ်ပါဘူး” လို့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

ညီလာခံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးမှာမဟုတ်ဘဲ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းက အခြားကိစ္စရပ်တွေကို ဆွေးနွေးအဖြေရှာဖို့သာဖြစ်ကြောင်း၊ ဒီကိစ္စကို ဆော်ဒီဘုရင် ဆလ်မန်ထံကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း မဟာသီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ ကွာလာလမ်ပူ ထိပ်သီးအစည်းအဝေးကနေ နှုတ်ထွက်ရခြင်းဟာ မလေးရှားနဲ့ ဆော်ဒီအာရေဗျတို့အကြား မိမိတို့ရဲ့ ကြားနေဝါဒကို ဖော်ပြနေတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Ref: Aljazeera