ဒီဇင်ဘာ ၃၁၊ ၂၀၁၉
M-Media

-မြို့တော်ဘဂ္ဂဒတ်က အမေရိကန်သံရုံးရှေ့မှာ ရာနဲ့ချီတဲ့ အီရတ်ပြည်သူတွေဟာ ဒီကနေ့မနက်က ဆန္ဒပြခဲ့ကြပြီး၊ သံရုံးထဲကို ဝင်ရောက်စီးနင်းဖို့လည်း ကြိုးစားခဲ့ပါတယ်။
အီရတ်က အီရန်ကျောထောက်နောက်ခံပြု ရှီအာပြည်သူ့စစ်အဖွဲ့ Kataeb Hezbollah ကို အမေရိကန်က တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုဆန္ဒပြမှု ပေါ်ထွက်လာတာပါ။ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း လက်နက်ကိုင် ၂၅ ဦး သေဆုံးခဲ့ပါတယ်။ အီရတ်က သူတို့ရဲ့ အခြေစိုက်စခန်းကို ဒုံးကျည်နဲ့တိုက်ခိုက်ပြီး အလုပ်သမားတစ်ယောက် သေဆုံးသွားတဲ့အတွက် လက်တုန့်ပြန်တာလို့ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ Kataeb Hezbollah အဖွဲ့ ပါဝင်ပြီး အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့ Hashd Shaabi ရဲ့အလံတွေကို ကိုင်ဆောင်ကာ ‘အမေရိကန်ကျဆုံးပါစေ’ ‘အမေရိကန်အလိုမရှိ’ စတဲ့ ကျွေးကြောသံတွေ ဟစ်အော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ကြသူတွေက ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အီရတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့ကို အကြီးမားဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။ Kataeb Hezbollah အဖွဲ့က လက်တုန့်ပြန်သွားမယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
Ref: Aljazeera
Comments