ဇန်နဝါရီ ၈၊ ၂၀၂၀
M-Media
-အီရတ်နိုင်ငံက အမေရိကန် စစ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ဒီကနေ့မနက် အစောပိုင်းမှာ ဒုံးကျည် ၂၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆူလိုင်မာနီ လုပ်ကြံခံရမှုကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အန်ဘာရ်ပြည်နယ်က အလ်-အာဆဒ် လေတပ်စခန်း၊ အီရ်ဘီလ်က စစ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတာပါ။
အီရန်နိုင်ငံပိုင်သတင်းဌာနက တိုက်ခိုက်မှုကြောင့် အမေရိကန်အကြမ်းဖက်သမား ၈၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ အမေရိကန် ရဟတ်ယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ကာ၊ ဒုံးကျည်တစ်စင်းမှ ကြားဖြတ်ပစ်ချခံရခြင်းမရှိဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို သတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
အမေရိကန်က ထပ်မံတိုက်ခိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက အမေရိကန်ပစ်မှတ် ၁၀၀ လောက်ကို တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ပြောကြားမှုကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အီရန်သမ္မတ ဟာဆန်ရူဟာနီဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အားလုံးအဆင်ပြေတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီ ဂျာဗဒ်ဇာရစ်ဖ်ရဲ့ Twitter မှတ်ချက်မှာတော့ မိမိတို့နိုင်ငံသားတွေနဲ့ အာဏာပိုင်တွေအပေါ် သွေးကြောင်စွာ တိုက်ခိုက်မှုအတွက် သင့်လျော်တဲ့ လက်တုန့်ပြန်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။
Ref : Aljazeera
Comments