6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၈၊ ၂၀၂၀
M-Media

-ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အီရတ်မှာရှိနေတဲ့ အမေရိကန်စစ်ခန်း ၂ ခုကို ဒုံးကျည် အလုံး ၂၀ ကျော်လောက်နဲ့ အီရန်က တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်က တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆူလိုင်မာနီကို လုပ်ကြံသတ်ဖြတ်မှုကို လက်တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက တိုက်ခိုက်မှုဟာ အမရိကန်ကို ‘ပါးရိုက်လိုက်တာ ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်အင်အား

အစ္စရေးနဲ့ ဆော်ဒီတို့လို ပြိုင်ဘက်နိုင်ငံတွေနဲ့ လေတပ်အင်အား မယှဉ်နိုင်တာကြောင့် အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဒုံးကျည်ပိုင်ဆိုင်မှုကို အားကောင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။

ပြည်တွင်းဖြစ် တာတိုပစ်၊ တာလတ်ပစ် ဒုံးကျည်တွေ တော်တော်များများရှိနေတဲ့ အီရန်ရဲ့ ဒုံးကျည်အင်အားဟာ အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံးဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။ တာဝေးပစ်ဒုံးကျည်တွေ ပိုင်ဆိုင်နိုင်ဖို့ အီရန်က ကြိုးစားနေပေမယ့် ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကြောင့် ဒီအစဉ်ဟာ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားပါတယ်။

အီရန်မှာ လက်ရှိ ရှိနေတဲ့ တာတိုပစ်၊ တာလတ်ပစ် ဒုံးကျည်တွေဟာ ဆော်ဒီနဲ့ ပင်လယ်ကွေ့က အမေရိကန်ပစ်မှတ် တော်တော်များများကို ရောက်ရှိနိုင်ပြီး၊ အစ္စရေးအထိ ပစ်နိုင်တယ်လို့ ဆိုပါတယ်။

အီရန်နဲ့ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အမေရိကန်ဟ ပြီးခဲ့တဲ့နှစ်က အရှေ့အလယ်ပိုင်းမှာ ပက်ထရီယော့ဒုံးခွင်းစနစ် ချထားခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်၊ ခရုဇ်ဒုံးကျည်တွေနဲ့ အဆင့်မြင့် လေယာဉ်တွေရဲ့ရန်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

စစ်အင်အား

အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်

အီရန်မှာ စစ်သည်အင်အား စုစုပေါင်း ၅၂၃၀၀၀ လောက်ရှိမယ်လို့ ယူကေအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Strategic Studies က သုံးသပ်ထားပါတယ်။

အမြဲတမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၃၅၀၀၀၀ လောက်နဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တပ်ဖွဲ့ဝင် ၁၅၀၀၀၀ လောက် ရှိနေတာပါ။ IRGC ရဲ့ ရေတပ်မှာ တပ်ဖွဲ့ဝင် ၂ သောင်းလောက်ရှိနေပြီး ရေနံတင်ပို့ရာ အဓိကလမ်းကြောင်း ဟော်မုဇ်ရေလက်ကြားကို တာဝန်ယူ စောင့်ရှောက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

IRGC မှာ Basij ဆိုတဲ့ နောက်ထပ်အဖွဲ့တစ်ခုရှိနေပြီး အပျော်တမ်းတပ်ဖွဲ့မျိုး ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လိုအပ်လာရင် လူသိန်းချီ စုစည်းနိုင်တဲ့အဖွဲ့ပါ။

အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ IRGC ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄၀ လောက် ရှိနေပြီး အီရန်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အင်အားအတောင့်တင်းဆုံးအဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြား စစ်ဆင်ရေး

Quds Force

IRGC လက်အောက်က Quds Force မှာ တပ်ဖွဲ့ဝင် ၅၀၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့ အမေရိကန်က လုပ်ကြံခဲ့တဲ့ ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ ကွပ်ကဲတာဖြစ်ပါတယ်။ Quds Force ဟာ အဓိပတိ အယာတိုလာ အလီခါမေနီထံ တိုက်ရိုက် အစီရင်ခံရတာပါ။

ဆီးရီးယားမှာ သမ္မတ ဘာရှာ အလ်-အာဆတ်ကို Quds Force က ကျောထောက်နောက်ခံပြုထားပြီး၊ အီရတ်က IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ရှီအာလက်နက်ကိုင်အဖွဲ့ကလည်း Quds Force ရဲ့ ဩဇာခံ ဖြစ်ပါတယ်။

Quds Force ဟာ လက်ဘနွန်က ဟစ်ဇ်ဘိုလာ၊ ပါလက်စတိုင်းက Palestinian Islamic Jihad တွေအပါအဝင် အရှေ့အလယ်ပိုင်းက အခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ အဆက်အသွယ်ရှိနေပြီး ငွေကြေးထောက်ပံ့တာ၊ လေ့ကျင့်ပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ရှိတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေထက်စာရင် အီရန်ရဲ့ လက်နက်တင်သွင်းမှုဟာ အလွန်နည်းပါးပြီး ရုရှားနဲ့ တရုတ်တို့က တင်သွင်းရတာ ဖြစ်ပါတယ်။

နျူလက်နက်ရှိလား

လက်ရှိ အီရန်မှာ နျူလက်နက်ထုတ်လုပ်တဲ့ စီမံကိန်း မရှိသေးဘဲ၊ ဒီလိုလက်နက်မျိုး ထုတ်လုပ်မှာ မဟုတ်ဘူးလို့လည်း အီရန်က ပြောကြားထားပါတယ်။ ဒါပေမယ့် အီရန်ဟာ နျူလက်နက်ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်။

အီရန်ဟာ လက်နက်ထုတ်လုပ်နိုင်မယ့် နျူကုန်ကြမ်းတွေရဖို့ ၂ လ၊ ၃ လလောက်သာ လိုအပ်တော့တယ်လို့ ၂၀၁၅ ခုနှစ်မှာ သမ္မတ အိုဘားမားအစိုးရက ပြောကြားဖူးပါတယ်။

အမေရိကန်အပါအဝင် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်မှာတော့ အီရန်ရဲ့ နျူလုပ်ငန်းတွေကို ကန့်သတ်တာ၊ စစ်ဆေးတာတွေလုပ်ဆောင်မယ့် အချက်တွေ ပါဝင်ပါတယ်။

၂၀၁၈ ခုနှစ်မေလမှာ ဒီစာချုပ်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ကြေငြာခဲ့ပြီး၊ အီရန်ကလည်း စာချုပ်ပါအချက်တွေကို လိုက်နာမှု တစ်ဆင့်ချင်းလျော့ချခဲ့ကာ ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ လုပ်ကြံခံရပြီးနောက်မှာတော့ စာချုပ်ပါအချက်တွေကို လုံး၀ လိုက်နာမှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် ကုလရဲ့ အနုမြူစွမ်းအင်အေဂျင်စီ IAEA နဲ့တော့ အီရန်က ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဒရုန်းအင်အား

စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ဟာ ဒရုန်းအင်အားကို တိုးချဲ့နိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကစလို့ အီရတ်က IS အကြမ်းဖက်အဖွဲ့ တိုက်ဖျက်ရေးမှာ အီရန်ဒရုန်းတွေကို အသုံးပြုခဲ့ပြီး ဆီးရီးယားပိုင်နက်ကနေ အစ္စရေးအထိ အီရန်ဒရုန်းတွေ ဝင်ရောက်ထောက်လှမ်းတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လမှာ အမေရိကန်ဒရုန်းလေယာဉ်တစ်စီးကို အီရန်က ပစ်ချခဲ့ပြီး နိုင်ငံလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာလို့ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ဟာ ဒရုန်းနည်းပညာကို မဟာမိတ်တွေ၊ ဒေသတွင်းက ဩဇာခံ လက်နက်ကိုင်အဖွဲ့တွေထံ မျှဝေတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း ဆော်ဒီက အဓိကရေနံထုတ်စက်ရုံ ၂ ခု ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ယီမင်က ဟူသီသူပုန်တွေ လုပ်ဆောင်တဲ့ အဲဒီတိုက်ခိုက်မှုမှာ အီရန်လက်ချက် မကင်းဘူးလို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲခဲ့ပြီး အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

ဆိုက်ဘာအင်အား

၂၀၁၀ ခုနှစ် နျူနဲ့ဆိုင်တဲ့ နေရာတွေ ဆိုက်ဘာတိုက်ခိုက်မှု ခံရပြီးတဲ့နောက် အီရန်ဟာ သူတို့ရဲ့ ဆိုင်ဘာစွမ်းရည်ကို မြှင့်တင်ခဲ့ပါတယ်။

IRGC မှာ သီးသန့် ဆိုက်ဘာစစ်ဌာနချုပ်ရှိ‌ပြီး စီးပွားရေးနဲ့ စစ်ရေးထောက်လှမ်းမှုတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် အမေရိကန်ဘဏ်တွေ ဆိုက်ဘာတိုက်ခိုက်ခံရမှုကို အီရန်ကလုပ်တာလို့ အမေရိကန်ဖက်က စွပ်စွဲခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လေကြောင်းကုမ္ပဏီ၊ ကာကွယ်ရေးကုမ္ပဏီ၊ စွမ်းအင်နဲ့ သဘာ၀အရင်းအမြစ် ကုမ္ပဏီ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို အီရန်က ဆိုက်ဘာအင်အားနဲ့ ထောက်လှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ၂၀၁၉ ခုနှစ် အမေရိကန်စစ်တပ်ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဟက်ကာအုပ်စုက အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုကို ပစ်မှတ်ထားခဲ့သလို၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေရဲ့ အကောင့်တွေကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် Microsoft က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: BBC

Tags:

Comments are closed.