ဇန်နဝါရီ ၁၄၊ ၂၀၂၀
M-Media
-ယူကရိန်းခရီးသည်တင်လေယာဉ် မှားယွင်းပစ်ချမှုအတွက် သံသယရှိသူတစ်ချို့ကို ဖမ်းဆီးထားတယ်လို့ အီရန်တရားရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၀ ကျော် လိုက်ပါသွားတဲ့ အဲဒီလေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းဖို့ တီဟီရန်မှာရှိတဲ့ အီမာမ်ခိုမေနီလေဆိပ်ကနေ ပျံတက်စဉ်မှာ ပစ်ချခံလိုက်ရတာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။
ဒုံးခွင်းစနစ်နဲ့ မှားယွင်းပစ်ချမှုကို အီရန်က အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝန်ခံခဲ့ပါတယ်။ အီရတ်က အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်ရဲ့ လက်တုန့်ပြန်မှုကို ရင်ဆိုင်ဖို့ ဒုံးခွင်းစနစ်တွေဖွင့်ထားချိန် ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။
အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလမ်ဟိုစိန် အစ္စမာအီလီက ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး လူတစ်ချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အသေစိတ်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။
အင်္ဂါနေ့ ရုပ်သံကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက လေယာဉ်ပစ်ချမှုဟာ ခွင့်မလွှတ်နိုင်စရာ အမှားတစ်ခုဖြစ်ပြီး ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုမျိုးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
ထိပ်တန်းတရားသူကြီးတစ်ဦးနဲ့ ကျွမ်းကျင်ပညာရှင် ဒါဇင်နဲ့ချီပါဝင်တဲ့ အထူးခုံရုံးတစ်ခု ဖွဲ့စည်းစစ်ဆေးဖို့လည်း ရူဟာနီက တိုက်တွန်း ဆော်ဩခဲ့ပါတယ်။
လေယာဉ်ကို မှားယွင်းပစ်ခတ်တယ်လို့ အီရန်အစိုးရက ဝန်ခံခဲ့ပြီးတဲ့နောက် အီရန်ခေါင်းဆောင်ပိုင်းကလူတွေဟာ ဒီကိစ္စအတွက် အကြိမ်ကြိမ် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref: Aljazeera
Comments