ဇန်နဝါရီ ၂၀၊ ၂၀၂၀
M-Media

ကာဘွန်ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချမယ့် မိုက်ခရိုဆော့ဖ်
==============
မိမိတို့ကုမ္ပဏီ၊ ကုမ္ပဏီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကာဘွန်ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်ရောက်ရင် သုညရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကုမ္ပဏီအတွက် လိုအပ်တဲ့ဓာတ်အားကို ပြည့်ဖြိုးမြဲစွမ်းအင်တွေကနေ ရယူသုံးစွဲတာအပါအဝင် ရည်မှန်းချက် အောင်မြင်ရေး နည်းလမ်းပေါင်းစုံ အသုံးပြုမှာ ဖြစ်ပါတယ်။
ကာဘွန်ထုတ်လွှတ်မှု လျော့ချတဲ့ နည်းပညာတွေ စူးစမ်းရှာဖွေဖို့လည်း မိုက်ခရိုဆော့ဖ်က ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ မတည်မယ်လို့ ဆိုပါတယ်။ နည်းပညာကုမ္ပဏီတွေအနေနဲ့ ရာသီဥတု ပြောင်းလဲမှုကို ထိထိရောက်ရောက် တားဆီးဟန့်တားဖို့ ဖိအားတွေ ရှိနေတဲ့အချိန် မိုက်ခရိုဆော့ဖ်ရဲ့ ဒီလိုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။

Facial recognition နည်းပညာကို ဥရောပသမဂ္ဂက ယာယီပိတ်ပင်မည်
=================
လူတွေရဲ့ မျက်နှာတွေကို လုံခြုံရေးကင်မရာကနေတစ်ဆင့် ကွန်ပျူတာစနစ်မှာ မှတ်သားသိမ်းဆည်းထားတဲ့ Facial recognition စနစ်ကိုအများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အသုံးပြုခွင့် ၅ နှစ်အထိ ပိတ်ပင်သွားဖို့ စီစဉ်နေတယ်လို့ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီနည်းပညာကို တစ်လွဲသုံးတာမျိုး ရှောင်ရှားဖို့ဖြစ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI) ကို စောင့်ကြည့်စစ်ဆေးတဲ့ အာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ ပိတ်ပင်ထားတဲ့ ၃ နှစ်ကနေ ၅ နှစ်အတွင်း Facial recognition နည်းပညာ တစ်လွဲသုံးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေကို ဥရောပသမဂ္ဂက ရှာဖွေသွားဖို့ ရှိနေပါတယ်။

အာကာသယာဉ်မှူးများ အရေးပေါ် ခုန်ထွက်သည့်စနစ်ကို Space X က အောင်မြင်စွာ စမ်းသပ်
=================
ဒုံးပျံလွှတ်တင်မှုအတွင်း အာသာယာဉ်မှူးတွေလိုက်ပါတဲ့ယာဉ်ငယ် အရေးပေါ်ရှောင်ထွက်တဲ့စနစ်ကို Space X ကုမ္ပဏီက အမေရိကန်ပြည်ထောင်စု ကနေဒီ အာကာသစခန်းမှာ မနေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ Falcon-9 ဒုံးပျံလွှတ်တင်ပြီး စက္ကန့် ၈၀ အကြာမှာ ဖောက်ခွဲခဲ့ကာ အာကာသယာဉ်မှူးတွေ လိုက်ပါမယ့် Dragon ယာဉ်ငယ်ဟာ အထိအခိုက်မရှိ ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့် နာဆာရဲ့ နိုင်ငံတကာအာကာသစခန်း (ISS) ထံ အနာဂတ် လူပို့လွှတ်မှုမှာ Space X က ပူးပေါင်းပါဝင်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။ အခုစမ်းသပ်မှုအတွင်း လူလိုက်ပါခြင်း မရှိပါဘူး။

လျှပ်စစ် သုံးဘီးကားများကို Amazon က အိန္ဒိယသို့ ပထမဆုံး တင်သွင်း
===================
Amazon ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ် သုံးဘီးကားတွေကို ဒီကနေ့မှာ အိန္ဒိယကို စတင်တင်သွင်းခဲ့ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲရေး တိုက်ဖျက်သွားမယ်ဆိုတဲ့ စက်တင်ဘာလက ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၅ မှာ အစီးရေ တစ်သောင်း ၂၀၃၀ ရောက်ရင် အစီးရေ တစ်သိန်းအထိ တင်ပို့ဖို့ Amazon က စီစဉ်ထားပါတယ်။ အခု လျှပ်စစ် သုံးဘီးကားတွေဟာ ကာဘွန်ထုတ်လွှတ်မှု သုညသာ ရှိမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က အိန္ဒိယတစ်ဝှမ်းမြို့တွေမှာ စမ်းသမ်းအသုံးပြုခဲ့ပါတယ်။

Android နှင့် IOS ဗားရှင်းအဟောင်များတွင် WhatsApp အသုံးပြုနိုင်တော့မည်မဟုတ်
================
Android version 2.3.7 နဲ့ အဲဒီထက်နိမ့်တဲ့ ဗားရှင်းတွေ၊ iOS 8 နဲ့ အဲဒီအရင်ဗားရှင်းတွေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မိမိတို့စနစ်အသုံးပြုမှုကို ပိတ်ပင်သွားမယ်လို့ WhatsApp က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာလိုက်ပါတယ်။ WhatsApp ဟာ Windows ဖုန်းတွေမှာလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ မှတ်တမ်းတွေကို Export လုပ်ထားကြဖို့လည်း WhatsApp က တိုက်တွန်းထားပါတယ်။
Ref: CNN,BBC, Gadget
Comments