News @ M-Media

ဘတ်စတ်ဘောသမိုင်း၏ အကြီးကျယ်ဆုံး ကစားသမားတစ်ဦး လေယာဉ်ပျက်ကျ ကွယ်လွန်

ဇန်နဝါရီ ၂၇၊ ၂၀၂၀
M-Media

ကိုဘေးဘရိုင်ယန်နှင့် သမီးဖြစ်သူ ဂီယန်နာ

-အမေရိကန် ဘတ်စကတ်ဘောပြိုင်ပွဲ NBA သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦဖြစ်တဲ့ ကိုဘေး ဘရိုင်ယန်ဟာ သမီးဖြစ်သူနဲ့အတူ မနေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ကိုဘေး၊ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် ဂီယန်နာနဲ့ အခြား လူ ၇ ဦး လိုက်ပါသွားတဲ့ Sikorsky S-76 ရဟတ်ယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့ အနောက်‌မြောက်ဖက်က ကုန်းမြင့်ပေါ်မှာ ပျက်ကျကာ မီးလောင်ခဲ့တာဖြစ်ပါတယ်။

လိုက်ပါသွားသူအားလုံး အသက်ရှင်ဖွယ် မရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပျက်ကျရမှုအကြောင်းအရင်းကို အမေရိကန် အရက်ဖက် လေကြောင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

လေယာဉ်ပေါ်မှာ ကိုဘေးသမီးကစားတဲ့ ဘတ်စကတ်ဘောအသင်းက အသင်းဖော်နဲ့ မိဘတစ်ဦး၊ Orange Coast ကောလိပ် ဘတ်စကတ်ဘောအသင်းရဲ့ နည်းပြတို့ လိုက်ပါသွားတယ်လို့လည်း ဆိုပါတယ်။

ကိုဘေးဘရိုင်ယန်ဟာ ကစားသမားဘ၀ကတည်းက လော့စ်အိန်ဂျလီစ်မြို့ရဲ့ ကားပိတ်မှုဒဏ်ကို ရှောင်ရှားဖို့ ရဟတ်ယာဉ်နဲ့ မကြာခဏ သွားလေ့ရှိသူ ဖြစ်ပါတယ်။

Los Angeles Lakers မှာ နှစ်ပေါင်း ၂၀ ကစားခဲ့တဲ့ ကိုဘေး ဘရိုင်ယန်ဟာ NBA ချန်ပီယံဆုကို ၅ ကြိမ်တိုင်တိုင်ရရှိကာ NBA All Star အသင်းမှာ ၁၈ နှစ်တိတိ အရွေးခံရသူလည်း ဖြစ်ပါတယ်။ NBA ဘတ်စကတ်ဘောပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်း‌ အောင်မြင်ကျော်ကြားအောင် ဆောင်ရွက်ရာမှာ ကိုဘေးက တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပြီး၊ ပရိတ်သတ် သန်းနဲ့ချီ ရရှိထားသူလည်း ဖြစ်ပါတယ်။

‌NBA ကော်မရှင်နာ အဒမ် ဆေးလ်ဗားက ကိုဘေးဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အလွန်အမင်း ထူးချွန်ပြောင်မြောက်ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ကိုဘေးကွယ်လွန်မှုအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း အားကစား၊ နိုင်ငံရေးနဲ့ အနုပညာအသိုင်းဝိုင်း စသဖြင့် နယ်ပယ်ပေါင်းစုံက ထင်ရှားသူတွေ၊ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေက ဆိုရှယ်မီဒီယာတွေမှာ ရေးသားပြောဆိုနေကြပါတယ်။

Ref: Reuters