ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
M-Media
-တူနီးရှားနိုင်ငံက မွတ်စလင်အမျိုးသမီး ဆာရာ ဟာဘာဟာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို စက်ဘီးနဲ့လာရောက် ဘုရားဖူးတဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အရင်က မက္ကာမြို့ကို စက်ဘီး၊ ဆိုင်ကယ်၊ တိရစ္ဆာန်အစီးအနင်းတွေနဲ့ တစ်ကိုယ်တော် ဘုရားဖူးလာရောက်သူတွေ ရှိပေမယ့် အမျိုးသားတွေသာ ဖြစ်ပါတယ်။
ဆာရာဟာဘာကတော့ တူနီးရှားနိုင်ငံကနေ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို ၅၃ ရက်အတွင်း အရောက်သွားကာ စက်ဘီးနဲ့ မက္ကာသွားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ ခရီးစဉ်ကို #cyclingtomecca ခေါင်းစဉ်နဲ့ ဆိုရှယ်မီဒီယာမှာ တောက်လျှောက် လွှင့်တင်ခဲ့ပါတယ်။
မက္ကာကိုသွားတဲ့ခရီးမှာ ဆာရာဟာ အီဂျစ်၊ ဆူဒန် စတဲ့ နိုင်ငံတွေကို ဖြတ်ကျော်ခဲ့ရတာပါ။
“ခရီးတစ်ထောက်နားတဲ့နေရာတိုင်းမှာ ကျွန်မ စိုးရိမ်မှုတွေ ရှိခဲ့တယ်။ ကျွန်မရဲ့ ဆန္ဒကို ခန္ဓာကိုယ်က လိုက်နိုင်ပါ့မလားပေါ့”
ဆာရာဟာ တစ်ရက်ကို ၈ နာရီလောက် စက်ဘီးနင်းခဲ့ရပါတယ်။ အဖွဲ့နဲ့မဟုတ်တာကြောင့် စက်ဘီးပျက်တဲ့အခါမှာလည်း သူမကိုယ်တိုင် ပြင်ခဲ့ရပါတယ်။
သူမရဲ့ သမိုင်းဝင်ခရီးစဉ်အကြောင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံသွားပြီးတဲ့နောက် ခရီးတစ်ထောက်နားတဲ့အချိန်တိုင်းမှာ ဆာရာကို ဒေခံတွေက လာရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။ ဆာရာဟာ ဆိုရှယ်မီဒီယာကနေတစ်ဆင့်လည်း အားပေးထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။
ဆာရာကတော့ သူကို ဖေးမကူညီသူတွေ၊ အားပေးသူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီလိုတွေဖြစ်လာမယ်လို့ ကျွန်မ မထင်ခဲ့ပါဘူး။ အားလုံးရဲ့နာမည်တွေရေးထားတဲ့ စာရင်းကိုကိုင်ပြီး ကျွန်မ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက လုံလောက်မှာမဟုတ်ပါဘူး။ ရှင်တို့တစ်ယောက်ချင်းစီသာ မရှိခဲ့ရင် ကျွန်မ ဒါမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး”
Ref: Al Bawaba
Comments