ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
M-Media

-အရှေ့ဂျေရုစလင်က မွတ်စလင်တွေနဲ့ ဂျူးတွေ အထွဋ်အမြတ်ထားရာ နေရာမှာ ရထားလိုင်းတိုးချဲ့ကာ ဘူတာရုံဆောက်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို ဂျော်ဒန်နိုင်ငံက ကန့်ကွက်လိုက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ချင်နေတာပါ။
အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဌာနက တလ်အဗီး-ဂျေရုစလင် မြေအောက် အမြန်ရထားလိုင်းကို အရှေ့ဂျေရုစလင်က Western Wall အထိ တိုးချဲ့သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ Western Wall အနောက်က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုဖြစ်ပြီး ဂျူးတွေကတော့ ဒီနေရာကို Temple Mount လို့ ခေါ်ပါတယ်။
ဂျေရုစလင်က ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုင်ဖာလာ အလ်-ဖာယက်ဇ်က အစ္စရေးရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို တုန်ပြန်ရေး မိမိတို့မှာရှိနေတဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
တလ်အဗီး-ဂျေရုစလင် ရထားလိုင်း Western Wall အထိ တိုးချဲ့မယ့်အစီအစဉ်ကို အစ္စရေးက ၂၀၁၇ ခုနှစ်မှာ ကြေငြာခဲ့တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်သမ္မတထရမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘူတာရုံကို ထရမ့်အမည်ပေးမယ်လို့ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး အစ္စရာအီလ် ကက်ဇ်က ပြောကြားခဲ့ပါတယ်။
Ref: BBC
Comments