ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
M-Media
-အရှေ့အာဖရိကနိုင်ငံတစ်ချို့မှာ ကျရောက်နေတဲ့ ကျိုင်းကောင်ကပ်ဘေးဟာ တောင်ဆူဒန်ကို ရောက်ရှိလာပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့တိုင်းပြည်အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
ကျိုင်းကောင်အုပ်ဟာ ယူဂန်ဒါနိုင်ငံကို ကျော်ဖြတ်ပြီး နိုင်ငံတောင်ပိုင်း မဂ်ဝီဒေသကို ရောက်လာတယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး အန်ယိုတီ အဒီဂို ညစ်ဝက်ချ်က ဆိုပါတယ်။ တောင်ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ်နဲ့ စစ်နောက်ဆက်တွဲ ငတ်မွတ်ခေါင်းပါးမှုကြောင့် အတိဒုက္ခရောက်နေတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
အာဖရိကမှာ ကင်ညာ၊ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ အီရစ်ထရီယာ၊ ဒီဘောက်တီတို့ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကျိုင်းကောင်ကပ်ဘေးကို ခါးစည်းခံခဲ့ရပြီး အခုအချိန်မှာတော့ တန်ဇန်းနီးယား၊ ယူဂန်ဒါနဲ့ တောင်ဆူဒန်တို့ကိုပါ ဒီကပ်ဘေး ကျရောက်လာတာ ဖြစ်ပါတယ်။
သဲကန္တာရ ကျိုင်းကောင်တွေဟာ တစ်နေ့ကို ၉၅ မိုင်လောက် သွားရောက်နိုင်ပြီး ကောက်ပဲသီးနှံတွေကို စားသောက်လေ့ရှိပါတယ်။ တစ်စကွဲယားကီလိုမီတာ အကျယ်ရှိတဲ့ ကျိုင်းကောင်အုပ်ဟာ တစ်ရက်ကို လူ ၃၅၀၀၀ လောက်စားသုံးတဲ့ ပမာဏလောက်ကို စားကြတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် မိုးခေါင်တာ၊ ရေကြီးရေလျှံတာတွေကြောင့် အရှေ့အာဖရိကမှာ လူပေါင်း ၂၅ သန်းလောက်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ကုလရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ FAO ဆိုင်ရာ တောင်ဆူဒန်သံအမတ် မီရှက် မာလိုက ကျိုင်းကောင်တွေဟာ သားပေါက်ဖို့ နေရာရှာတဲ့အနေအထားဖြစ်တာကြောင့် နောက်ထပ် ကျိုင်းကောင်ကပ်ဘေးတစ်ခု ဖြစ်ပွားမယ့်အနေအထား ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments