ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
M-Media
-ဂျာမနီနိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ လူဖြူအစွန်းရောက်တစ်ဦးက ရှီရှားဆိုင်နှစ်ခုကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အစွန်းရောက်ဝါဒ အဆိပ်အတောက် ပြန့်နှံ့လာမှုအတွက် သတိပေးလိုက်ပါတယ်။
ပစ်ခတ်မှုဟာ Hanau မြို့ မြို့လယ်ကောင်၊ အဲဒီနေရာနဲ့ ၂ ကီလိုမီတာလောက်ဝေးတဲ့ နေရာတွေမှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးရာမှာ ကြာသာပတေးနေ့မနက်အစောပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ သေဆုံးလျက်ရှိတာကို တွေ့ခဲ့ရပါတယ်။
သေနတ်ပစ်အားကစားသမားတစ်ဦးဖြစ်တဲ့ သေနတ်သမားဟာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရခြင်းနဲ့ပတ်သက်ပြီး သေနတ်သမားက စာနဲ့ ဗီဒီယို ချန်ထားခဲ့တယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဒါကို ရှာဖွေနေဆဲဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
အစိုးရရှေ့နေတွေက ပစ်ခတ်မှုမှာ လူဖြူအစွန်းရောက်ဝါဒ လှုံ့ဆော်မှုတွေရှိတာကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က Hanau မြို့က ဒီပစ်ခတ်မှုမှာ လူမျိုးရေးခွဲခြားမှု လှုံ့ဆော်ချက်တွေ ပါဝင်နေတယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။
“လူမျိုးရေးခွဲခြားမှုဆိုတာ အဆိပ်အတောက်ပါ။ အမုန်းတရားဆိုတာလည်း အဆိပ်အတောက်ပါပဲ။ ဒီလိုအဆိပ်အတောက်တွေ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။ ဒီ စပ်ဆုပ်ဖွယ်ရာ သတ်ဖြတ်မှုအတွက် နည်းလမ်းအားလုံးသုံးပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်”
ဝန်ကြီးချုပ်မာကဲလ်ရဲ့ Christian Democrats (CDU) ပါတီ အကြီးအကဲ Annegret Kramp-Karrenbauer ကလည်း လူမျိုးခြားကြောက်ရောဂါဟာ ဂျာမနီမှာ ကြီးထွားလာတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သေဆုံးသွားသူတွေထဲမှာ တူရကီလူမျိုးတွေ ပါဝင်တယ်လို့ တူရကီနိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
Ref: Aljazeera
Comments