ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀
M-Media
-ပြည်ထဲရေးဝန်ကြီးဟောင်း မုဟ်ယစ်ဒင် ယာစင်ကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မလေးရှားနန်းတော်က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့ မုဟ်ယစ်ဒင်ကို ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(၂)(က)၊ ၄၃(၂)(က)တွေအရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာဖြစ်တယ်လို့ နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ဖာဒီလ် ရှမ်ရှူဒင်က ပြောပါတယ်။ ဝန်ကြီးချုပ်သစ်ဟာ မနက်ဖြန်မနက် ၁၀ နာရီခွဲ နန်းတော်မှာ ကျမ်းကျိန်မှာဖြစ်ပါတယ်။
“တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက် ဝန်ကြီးချုပ်သစ်ခန့်အပ်မှုကို နှောင့်နှေးနေလို့မရဘူးလို့ ဘုရင်ကြီးက ပြောပါတယ်။ ဒါဟာ အားလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ကာ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အဆုံးသတ်သွားစေလိမ့်မယ်လို့လည်း ဘုရင်ကြီးက ယုံကြည်နေပါတယ်”
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ကြီးချုပ်မဟာသီယာ မိုဟာမက် ရာထူးကနေနှုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း မလေးရှားနိုင်ငံရေးမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတာပါ။ အာဏာရညွန့်ပေါင်းအဖွဲ့ PH ကနေ တစ်ချို့နိုင်ငံရေးပါတီတွေ နှုတ်ထွက်သွားပြီးတဲ့နောက် အစိုးရပြိုလဲခဲ့ပြီး ဘုရင်က မဟာသီကိုပဲ ယာယီဝန်ကြီးချုပ် ပြန်ခန့်ခဲ့ပါတယ်။
“ဘုရင်ကြီးရဲ့ ခွင့်ပြုချက်နဲ့အတူ နိုင်ငံရဲ့ ၈ ဦးမြောက်ဝန်ကြီးချုပ် ဖြစ်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တာ့်ကို ထောက်ခံအားပေးကြသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကနေ့ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံသားအားလုံး လက်ခံမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့အာလုံးရဲ့အနာဂတ် တောက်ပဖို့အတွက် ဆုတောင်းပေးကြပါ။ ကျေးဇူးတင်ပါတယ်” လို့ မုဟ်ယစ်ဒင်က ကြေငြာချက်ထွက်လာပြီးနောက်ပိုင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းဖို့ ဘုရင်က တောင်းဆိုခဲ့ပြီး လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ညွန့်ပေါင်းအဖွဲ့ PH ကတော့ မဟာသီယာ မိုဟာမက်ကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
မုဟ်ယစ်ဒင်ရဲ့ Bersatu ပါတီဟာ အရင်က PH မှာ ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာ နှုတ်ထွက်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ BN ညွန့်ပေါင်းအဖွဲ့၊ PAS ပါတီတို့နဲ့ပေါင်းကာ အစိုးရသစ်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ မဟာသီဦးဆောင်တဲ့ PH ဟာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတုန်းက နာဂျစ်ရဲ့ BN အစိုးရကို ဖြုတ်ချနိုင်ခဲ့တာပါ။
Ref: CNA
Comments